အာဂျင်တီးနားဂိုးသမား E.မာတီနက်ဇ်ကို FIFA က (၂)ပွဲပယ် ပြစ်ဒဏ်ချမှတ်
အက်စတွန်ဗီလာဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ဟာ ရိုင်းစိုင်းတဲ့ အပြုအမူတွေပြုလုပ်ခဲ့တယ်ဆိုပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)စည်းကမ်းထိန်းသိမ်းရေးကော်မတီက (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒါကြောင့် အီမီလီယာနိုမာတီနက်ဇ်ဟာ အောက်တိုဘာထဲယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားအသင်းတို့ပွဲစဉ်ကို လွဲချော်မှာပါ။
အီမီလီယာနိုမာတီနက်ဇ်ဟာ စက်တင်ဘာထဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချီလီနဲ့ ကိုလံဘီယာအသင်းတို့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ပွဲပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အီမီလီယာနိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်း ၂၀၂၄ ကိုပါအမေရိကဖလားရယူပြီးနောက် ပထမဆုံးယှဉ်ပြိုင်တဲ့ ချီလီအသင်းနဲ့ပွဲစဉ်မှာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ သူပြုလုပ်ခဲ့တဲ့ပုံစံအတိုင်း ဆုဖလားနဲ့ ညစ်ညမ်းတဲ့ အမူအရာကို ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် အီမီလီယာနိုမာတီနက်ဇ်ဟာ ကိုလံဘီယာအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူ့ကို ရိုက်ကူးနေတဲ့ ကင်မရာကို တွန်းထုတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက အီမီလီယာနိုမာတီနက်ဇ်ကို (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး AFA ကတော့ ဒီဆုံးဖြတ်ချက်ကို သူတို့ဘက်က သဘောမတူဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ နောက်ဆုံးပွဲမှာ ကိုလံဘီယာအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်(၈)ပွဲကစားအပြီးမှာ ရမှတ်(၁၈)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။