အာဆင်နယ်-လက်စတာပွဲမှာ ကာလာဖီအိုရီ အနီကတ် မထိခဲ့တဲ့အပေါ် မယုံနိုင်ဘူးလို့ စတိဗ်ကူးပါး ဆို

0

မနေ့က အာဆင်နယ်(၄-၂)လက်စတာ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ကာလာဖီအိုရီ အနီကတ်ပြ အထုတ်မခံခဲ့ရတဲ့အပေါ် မယုံနိုင်အောင်ဖြစ်မိတယ်လို့ လက်စတာအသင်းနည်းပြ စတိဗ်ကူးပါးက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ လက်စတာအသင်းဟာ မိနစ်(၉၀)အထိ အာဆင်နယ်အသင်းကို (၂)ဂိုးစီသရေကစားနိုင်ခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပိုမှာ ပေးခဲ့ရတဲ့ သွင်းဂိုး(၂)ဂိုးကြောင့် အဖိုးတန်ရမှတ်(၁)မှတ်ဆုံးရှုံးခဲ့ရတာပါ။

ဒီပွဲမှာ အဝါကတ်ထိပြီးသားဖြစ်တဲ့ အာဆင်နယ်အသင်းနောက်ခံလူ ကာလာဖီအိုရီဟာ လက်စတာအသင်းကစားသမား ဖာကန်ဒိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဒုတိယအဝါကတ်ပြသပြီး နှစ်ဝါ တစ်နီနဲ့ အထုတ်မခံခဲ့ရတာကို လက်စတာအသင်းနည်းပြ စတိဗ်ကူးပါးက ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ ရုပ်သံဘောလုံးပွဲဝေဖန်သုံးသပ်သူဖြစ်တဲ့ အလန်ရှီးယားကလည်း ကာလာဖီအိုရီကို နောက်ထပ်အဝါကတ်မပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကို အပြစ်တင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တဲ့ ကာလာဖီအိုရီအနီကတ်နဲ့ ထုတ်ပယ်ခံရမယ့်အပေါ် အလွန်စိုးရိမ်ခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဝန်ခံခဲ့ပါတယ်။ လက်စတာအသင်းကို အနိုင်ရခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၁)မှတ်အကွာ အဆင့်(၃)နေရာမှာ ရပ်တည်နေတာပါ။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းဟာ ရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်(၆)ပွဲကစားအပြီးမှာ နိုင်ပွဲတစ်ပွဲမှမရရှိသေးဘဲ ရမှတ်(၃)မှတ်နဲ့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *