မိမိအတွက် ကွင်းထဲမှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတာသိတယ်လို့ စီရော်နယ်ဒို ဆို

0

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရေယန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ သူ့အတွက်ကွင်းထဲမှာ အချိန်အများကြီးမကျန်တော့ဘူးဆိုတာ သိတယ်လို့ ဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက်(၁)ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ကစားသမားဘဝမှာသွင်းဂိုးအရေအတွက် (၉၀၄)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာပါ။

စပို့တင်းလစ္စဘွန်း၊မန်ယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ ကစားခဲ့တဲ့ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် (၂၁၄)ပွဲကစားထားပြီး (၁၃၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ Ballon d’Or ဆုကို(၅)ကြိမ်အထိ ရရှိထားတဲ့ စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် (၇၁)ပွဲကစားအပြီးမှာ (၆၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုက(၁၇)ကြိမ် ပြုလုပ်ထားတာပါ။ စီရော်နယ်ဒိုဟာ အယ်လ်ရေယန်အသင်းနဲ့ပွဲအပြီးမှာ သူ့ရဲ့ကစားသမားဘဝကုန်ဆုံးဖို့ နီးကပ်လာခဲ့ပြီလို့ဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုက “ကျွန်တော်ဟာ ဘောလုံးကစားရတာကို ပျော်ရွှင်နေပေမယ့် ကျွန်တော့်အတွက် ကွင်းထဲမှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာကို သိပါတယ်။ အကောင်းဆုံးကစားသမားဖြစ်ဖို့နဲ့ ဆုတွေရဖို့က ဒီအချိန်မှာ ကျွန်တော့်အတွက် အရေးမကြီးတော့ပါဘူး။ အခုအချိန်မှာ ကျွန်တော့်အတွက် အရေးကြီးတာက ပျော်ပျော်ရွှင်ွှရွှင်နဲ့ အသင်းကို အကူအညီပေးဖို့ပါ”လို့ဆိုခဲ့တာပါ။

စီရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးဖို့ ရည်မှန်းထားတာကြောင့် ဒီပြိုင်ပွဲအပြီးမှာ ဘောလုံးသမားဘဝကနေ အနားယူဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ အယ်လ်နာဆာအသင်းကလည်း စီရော်နယ်ဒိုကို ၂၀၂၆ ရာသီအကုန်ထိ ဆက်ရှိမယ့် စာချုပ်သစ်ချုပ်ဆိုချင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *