ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ပုံကြောင့် ဝိန်းရွန်းနီရဲ့ကျန်းမာရေးအပေါ် ပရိသတ်တွေ စိုးရိမ်
အင်္ဂလန်အသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီဟာ အသင်းဟောင်း မန်ယူနိုက်တက်အသင်းက စပါးအသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲကို လာရောက်ကြည့်ချိန် ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ သူ့ရဲ့ပုံဟာ အလွန်ဆိုးရွားနေတာကြောင့် ပရိသတ်တွေဟာ သူ့ရဲ့ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။
ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းကို ကိုင်တွယ်နေပြီး သူ့ရဲ့အသင်းဟာ လိဂ်နောက်ဆုံး(၄)ပွဲမှာ (၂)ပွဲအနိုင်ရရှိထားပြီး ရလဒ်ကောင်းအချို့ပြန်လည်ရရှိနေတာပါ။
ဒါပေမယ့် ကစားသမားဘဝကနေ အနားယူပြီးနောက် (၃)နှစ်အကြာမှာ ဝိန်းရွန်နီရဲ့အခြေအနေဟာ ပရိသတ်တွေကို စိုးရိမ်မှုဖြစ်စေခဲ့ပါတယ်။ ဝိန်းရွန်နီဟာ အနက်ရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ကာ မန်ယူနိုက်တက်အသင်းရဲ့ပွဲကို ကြည့်ရှုနေတဲ့ပုံကို Sky Sports က မျှဝေခဲ့ပြီး ပရိသတ်တွေကတော့ ဝိန်းရွန်နီကို သူ့ကိုယ်သူ ဂရုစိုက်ဖို့ ဆိုရှယ်မီဒီယာမှာ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာပါ။
ပရိသတ်တစ်ဦးက “ဝိန်းကို ကြည့်ရတာက တော်တော်ဆိုးပါတယ်”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “ရွန်နီကို ကြည့်ရတာ သူ့အသက်ထက်ပိုပြီးကြီးပြီး သူ့ကိုယ်သူ ဂရုစိုက်ရမယ်”လို့ ရေးသားကာ နောက်ထပ်တစ်ဦးက “သူအရမ်းအိုနေပြီ၊သူ့ရဲ့အခြေအနေအပေါ် စိုးရိမ်မိတယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ကစားသမားဘဝကနေ အနားယူပြီး နည်းပြလောကထဲကို ဝင်ရောက်ပြီးအချိန်မှာ ကိုယ်အလေးချိန်အလွန်မြင့်တက်သွားခဲ့ကာ သူနဲ့ လိုက်ဖက်တဲ့ ဝတ်စုံတစ်စုံပဲရှိတယ်လို့တောင်ပြောထားခဲ့ဖူးတာပါ။ ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။