အာနိုးလ်ကို ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်အဖြစ် ရီးရဲလ်မက်ဒရစ် သတ်မှတ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကညာနောက်ခံလူ ကာဗာဟယ်လ်ကို ACL ဒဏ်ရာကြောင့် ဒီရာသီအကုန်ထိ အနားပေးရမှာဖြစ်လို့ ဈေးကွက်ထဲမှာ ညာနောက်ခံလူတစ်ဦးကို ရှာဖွေမှုပြုလုပ်နေတာပါ။
The Athletic က ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ပထမရွေးချယ်မှုအဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ညာနောက်ခံနေရာအတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့စာရင်းထဲမှာ စပါးအသင်းက ပေါ်ရို၊လေဗာကူဆင်အသင်းက ဖရင်ပေါင်နဲ့ ဆီဗီလာအသင်းက ဟွမ်လူတို့ပါဝင်နေတာပါ။ စပိန်သတင်းစာ Marca က ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ဒီရာသီကုန်ရင်စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အလေးအနက်စဉ်းစားနေတယ်လို့ ဖော်ပြထားတာပါ။
လီဗာပူးလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပေမယ့် သဘောတူညီမှုမရရှိသေးတဲ့အတွက် ရာသီကုန်မှာ အလွတ်နဲ့ ဆုံးရှံးရဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ ပြောင်းရွှေ့ကြေးရရှိဖို့အတွက် အာနိုးလ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းချနိုင်တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့စဖွင့်တာနဲ့ ဆွေးနွေးမှုတွေပြုလုပ်လာဖို့ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ အာနိုးလ်အပြင် နောက်ခံလူ ဗန်ဒိုက်နဲ့ တိုက်စစ်မှူး ဆာလာတို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတာကြောင့် ရာသီကုန်ရင် အလွတ်နဲ့ ဆုံးရှုံးရမယ့် အခြေအနေမှာ ရှိနေတာပါ။ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ရည်မှန်းထားပေမယ့် ဆာလာကတော့ ဒီရာသီဟာ သူ့ရဲ့လီဗာပူးလ်ကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်နိုင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။