၁၇.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ ကွင်းလယ်လူတွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ ကက်စီမီရိုတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်ကစားသမားအချို့ကိုပစ်မှတ်ထားနေတာဖြစ်ပါတယ်။
■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရာသီအစဆိုးရွားတဲ့ရလဒ်တွေကြောင့် နည်းပြ ဂလက်စ်နာရဲ့နေရာမှာ ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို အစားထိုးဖို့ စောင့်ကြည့်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ ရမှတ်(၃)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၈)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
■ စပိန်ကွင်းလယ်လူ အော်လ်မိုဟာ ဒဏ်ရာကနေသက်သာပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်ကို ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီလို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။ ကွင်းလယ်လူ ဖာမင်လိုပက်ဇ်လည်း ဒဏ်ရာသက်သာလာပြီဖြစ်လို့ ဆီဗီလာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။
■ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ အင်တာမီလန်အသင်းကွင်းလယ်လူ ဘာရယ်လ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပစ်မှတ်လည်းဖြစ်နေတဲ့ ဘာရယ်လ်လာနဲ့ အင်တာမီလန်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၉ ဇွန်(၃၀)ရက်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။
■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ခံစစ်ပိုင်းဒဏ်ရာအခက်အခဲတွေနဲ့ကြုံတွေ့နေရပေမယ့် အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ကို ပြန်လည်ခေါ်ယူဖို့စဉ်းစားခြင်းမရှိဘူးလို့သိရပါတယ်။ ရာမို့စ်ဟာ ဆီဗီလာအသင်းကနေ ထွက်ခွာပြီးနောက် ကလပ်အသင်းအများအပြားရဲ့ကမ်းလှမ်းမှုကို ရရှိထားပေမယ့် ကလပ်အသင်းလက်မဲ့အဖြစ်ရှိနေတာဖြစ်ပါတယ်။
■ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်အနေနဲ့ မန်ယူနိုက်တက်အသင်းမှာ သူ့ရဲ့နည်းပြရာထူးကို နိုဝင်ဘာနိုင်ငံတကာပွဲစဉ်မတိုင်ခင်အထိ ဆက်ထိန်းထားဖို့ဆိုရင် ရလဒ်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်အောင်လုပ်ရမယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာအစားထိုးဖို့ နည်းပြအချို့ကို စာရင်းပြုစုထားတာဖြစ်ပါတယ်။