၂၀.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ မန်စီးတီးအသင်းဟာ အသင်းခေါင်းဆောင် ဝေါလ်ကာကို ပေါင်(၁၅)သန်းနဲ့ လာမယ့်နွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ အင်္ဂလန်နောက်ခံလူ ဝေါလ်ကာကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
■ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ အယ်လ်အိန်းအသင်းနဲ့ ကစားမယ့် အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ လူစာရင်းထဲပါဝင်မယ်လို့ အယ်လ်ဟီလယ်အသင်းက ကြေညာခဲ့ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့် (၁)နှစ်ကြာအနားယူခဲ့ရပြီး ပွဲပြန်ကစားနိုင်ဖို့ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်တော့မှာဖြစ်ပါတယ်။
■ အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်မယ်ဆိုရင် အပိုဆုကြေးပေါင်(၃)သန်းရရှိမယ်လို့ သိရပါတယ်။ တူချယ်လ်ကိုယ်တိုင်ကလည်း အင်္ဂလန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
■ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် မလိုအပ်တော့ဘူးလို့ ကလပ်အသင်းဒါရိုက်တာဖြစ်သူက အတည်ပြုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတဲ့ ပေါ့ဘာရဲ့မျှော်လင့်ချက်တွေ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
■ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဘင်ဖီကာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ဘယ်နောက်ခံလူ အယ်လ်ဗာရိုဖာနန်ဒက်ဇ်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဘင်ဖီကာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ အယ်လ်ဗာရိုဖာနန်ဒက်ဇ်ကို လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။
■ ဘာစီလိုနာအသင်းဟာ နောက်ခံလူ အာရူဟိုနဲ့ ကွင်းလယ်လူ ဖရန်ကီဒီယွန်းတို့ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒဏ်ရာကြောင့် မကြာခဏဆိုသလို အနားယူနေရပေမယ့် ဘာစီလိုနာအသင်းဟာ စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။