နယူးကာဆယ်နဲ့ပွဲမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တဲ့ ဝဲလ်ဘတ် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရ
မနေ့က နယူးကာဆယ်(ဝ-၁)ဘရိုက်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းတိုက်စစ်မှူး ဝဲလ်ဘတ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။
ဝဲလ်ဘတ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၇)မိနစ်မှာ နယူးကာဆယ်အသင်းနောက်ခံလူ ဖာဘီယန်ရှားနဲ့ တိုက်မိပြီးကွင်းထဲကို လဲကျသွားခဲ့တာကြောင့် ဆေးအဖွဲ့ကို ကွင်းထဲအမြန်ဆုံးဝင်ရောက်လာဖို့ ခေါ်ခဲ့ရတာပါ။
ဝဲလ်ဘတ်ဟာ ကွင်းထဲမှာ မိနစ်အနည်းငယ်ကြာ ကုသမှုခံယူခဲ့ရပြီး သူ့ကို ထမ်းစင်ပေါ်တင်ကာ ကွင်းထဲကနေ မထွက်ခွာခင် အောက်ဆီဂျင်ပါ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဝဲလ်ဘတ်ဟာ ကျောအောက်ပိုင်းဒဏ်ရာရခဲ့တာဖြစ်ပြီး သူ့ရဲ့ဒဏ်ရာပြင်းထန်မှုအခြေအနေကိုတော့ မသိဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ဝဲလ်ဘတ်ကွင်းထဲကနေ ထွက်ခွာချိန်မှာ နှစ်ဖက်အသင်းပရိသတ်တွေဟာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးအားပေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဝဲလ်ဘတ်ဟာ ဒဏ်ရာကြောင့် လူစားလဲမခံရခင်မှာ ဘရိုက်တန်အသင်းအတွက် အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ဒီပွဲရဲ့တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။ ဝဲလ်ဘတ်ရဲ့ဂိုးကြောင့် နယူးကာဆယ်အသင်းဟာ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ ဝဲလ်ဘတ်ဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲစလုံးပါဝင်ကစားထားပြီး (၅)ဂိုးသွင်းယူကာ ခြေစွမ်းပြထားတဲ့သူပါ။
ဝဲလ်ဘတ်ဟာ ဒီပွဲက သွင်းဂိုးကြောင့် ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တာကြောင့် ရမှတ်(၁၅)မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။