ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ El Clasico ပွဲကို ကော်တိုအာ လွဲချော်ဖွယ်ရှိ

0

ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာဟာ ကြွက်သားဒဏ်ရာရရှိနေတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ထုတ်ပြန်ထားတာကြောင့် လာမယ့် ဘာစီလိုနာအသင်းနဲ့ El Clasico ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တဲ့ ကော်တိုအာဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်အပြင် (၂)ပတ်ကြာအထိ အနားယူရဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူကရိန်းဂိုးသမား လူနင်ကို လာမယ့်ပွဲတွေမှာ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။ လူနင်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသမားကော်တိုအာ ACL ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူခဲ့ရချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူပါ။

ဒေါ့မွန်အသင်းနဲ့ပွဲစဉ်မှာ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုလည်း ဒဏ်ရာရရှိခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ ဒဏ်ရာနှိပ်စက်မှုတွေကို ဆက်တိုက်ခံစားနေရပြီး ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမား(၂)ဦးမပါဝင်နိုင်မှာက ကြီးမားတဲ့ ထိုးနှက်ချက်အဖြစ်ရှိနေတာပါ။

ဒီရာသီလာလီဂါပြိုင်ပွဲ ပွဲစဉ်(၁၀)ပွဲကစားအပြီးမှာ ဘာစီလိုနာအသင်းဟာ (၉)ပွဲအနိုင်ရပြီး (၁)ပွဲအရေးနိမ့်ကာ ရမှတ်(၂၇)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းထက် (၃)မှတ်လျော့နဲ့ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *