ဒဏ်ရာကြောင့် (၁၈)လနီးပါး အနားယူပြီးနောက် မန်ယူနိုက်တက်အတွက် မာလာစီယာ ပြန်ကစားနိုင်ဖို့ နီးစပ်

0

နယ်သာလန်ဘယ်နောက်ခံလူ မာလာစီယာဟာ ဒဏ်ရာကြောင့် (၁၈)လနီးပါးကြာအနားယူခဲ့ရပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

မာလာစီယာဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့မန်ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းအတွက် ၂၀၂၃ မေက နောက်ဆုံးပါဝင်ကစားထားတာပါ။

မာလာစီယာဟာ ကြီးမားတဲ့ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရခဲ့ရပြီး မနှစ်တစ်ရာသီစလုံး မန်ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ မာလာစီယာဟာ ဒီရာသီမစတင်ခင် မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းကြီးနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ပုံတွေထွက်ပေါ်လာခဲ့တာပါ။ မာလာစီယာအပြင် လုပ်ခ်ရှောကလည်း အနားယူနေရတာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူအခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါပေမယ့် Voetbal International က မာလာစီယာဟာ မန်ယူနိုက်တက်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ ဖော်ပြထားတာပါ။ မာလာစီယာဟာ စနေနေ့မှာကစားမယ့် ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ စောလွန်းနေပေမယ့် အောက်တိုဘာကုန်ပိုင်း ဒါမှမဟုတ် နိုဝင်ဘာအစပိုင်းမှာ ကစားမယ့် မန်ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မာလာစီယာဟာ အောက်တိုဘာ(၂၇)ရက်မှာကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊အောက်တိုဘာ(၃၀)ရက်မှာကစားမယ့် လက်စတာအသင်းနဲ့ လိဂ်ဖလားပွဲစဉ်၊နိုဝင်ဘာ(၃)ရက်မှာကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဘယ်နောက်ခံလူနေရာမှာ ကစားနေရတဲ့ ဒါလော့ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ မက်ဇ်ရာအူရီပါဝင်နိုင်ဖွယ်မရှိလို့ ညာနောက်ခံလူနေရာမှာ ကစားရဖို့ရှိနေတာပါ။

အဲ့ဒါကြောင့် ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ လီဆန်ဒရိုမာတီနက်ဇ်၊အီဗန်စ်နဲ့ လင်ဒီလော့ဖ်တို့ထဲက တစ်ဦးဦးဟာ မန်ယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံလူအဖြစ် ပွဲထွက်လာဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *