ရှက်တာဒိုးနက်နဲ့ ပွဲက ကာလာဖီအိုရီရဲ့ဒဏ်ရာကို မိမိ စိုးရိမ်မိတယ်လို့ အာတီတာ ဝန်ခံ

0

မနေ့က အာဆင်နယ်(၁-ဝ)ရှက်တာဒိုးနက် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ကာလာဖီအိုရီရဲ့ဒဏ်ရာကိုမိမိစိုးရိမ်မိတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဝန်ခံခဲ့ပါတယ်။ ညာဖက်ဒူးဒဏ်ရာပြဿနာရှိခဲ့တဲ့ ကာလာဖီအိုရီကို အာဆင်နယ်အသင်းဟာ ပွဲချိန်(၇၂)မိနစ်မှာ လူစားလဲမှုပြုလုပ်ခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းယှဉ်ပြိုင်ရဖို့ရှိနေချိန်မှာ ကာလာဖီအိုရီဒဏ်ရာရခဲ့တဲ့အပေါ် နည်းပြ အာတီတာက စိုးရိမ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင် အော်ဒီဂါ၊တောင်ပံကစားသမား ဆာကာနဲ့ နောက်ခံလူ တင်ဘာတို့ကို အနားပေးထားရသလို နောက်ခံလူတစ်ဦးဖြစ်တဲ့ ဆာလီဘာကိုလည်း အနီကတ်ကြောင့် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။

အာတီတာက “ကာလာဖီအိုရီတစ်ခုခုခံစားခဲ့ရပြီး ဆက်မကစားနိုင်တော့ပါဘူး။ အနည်းငယ်စိုးရိမ်စရာရှိပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေအတိအကျကို မသိရသေးပေမယ့် ဒါက ကောင်းမွန်တဲ့သတင်းမဟုတ်ဘူး”လို့ Amazon Prime ကိုဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ UEFA Nations League ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဆာကာဟာ ဘုန်းမောက်၊ရှက်တာဒိုးနက်အသင်းတို့နဲ့ ပွဲတွေမှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့သလို လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ကိုလည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက အတည်ပြုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *