သွင်းဂိုးကြောင့် အကြီးအကျယ်အောင်ပွဲခံခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့လို့ ကာမာဒါ ကြေကွဲ
မနေ့က အေစီမီလန်(၃-၁)ကလပ်ဘရုဂေး ချန်ပီယံလိဂ်ပွဲစဉ်မှာ အေစီမီလန်အသင်းလူငယ်တိုက်စစ်မှူး ကာမာဒါဟာ ဂိုးသွင်းယူနိုင်ခဲ့လို့ အကြီးအကျယ်အောင်ပွဲခံခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ ကြေကွဲနေခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၅)မိနစ်မှာ မိုရာတာရဲ့နေရာ လူစားလဲဝင်ရောက်လာခဲ့တဲ့ ကာမာဒါဟာ ပွဲချိန်မိနစ်(၈၀)ကျော်မှာ ဂိုးသွင်းယူပြီးနောက် သူ့အင်္ကျီကို ချွတ်ကာ ကွင်းထဲလျှောထိုးပြီး အကြီးအကျယ်အောင်ပွဲခံခဲ့တာပါ။
အေစီမီလန်အသင်းဖော်တွေကလည်း ကာမာဒါကို ချီပြီးဝိုင်းဝန်းဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် VAR က ဒီသွင်းဂိုးကို အကြိမ်ကြိမ်ပြန်လည်ကြည့်ရှုအပြီးမှာတော့ ကာမာဒါလူကျွံနေတယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့တာပါ။ ဒီပွဲကစားချိန်မှာ အသက်(၁၆)နှစ်နဲ့ (၂၂၆)ရက်သာရှိသေးတဲ့ ကာမာဒါအနေနဲ့ ဒီဂိုးသာမပယ်ဖျက်ခံရရင် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာဖြစ်ပါတယ်။
ကာမာဒါဟာ လက်ကျန်မိနစ်တွေမှာ သွင်းဂိုးမရယူနိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာ ခေါင်းငိုက်စိုက်ကာ စိတ်ပျက်လက်ပုံစံနဲ့ ကွင်းထဲ ထိုင်နေခဲ့တာပါ။ အေစီမီလန်အသင်းဖော်တွေဟာ ကာမာဒါကို ဝိုင်းဝန်းနှစ်သိမ့်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းထားတဲ့သူအဖြစ် စံချိန်တင်ထားတဲ့သူကတော့ ဘာစီလိုနာတိုက်စစ်မှူး အန်ဆုဖာတီဖြစ်ပြီး ၂၀၁၉ က အင်တာမီလန်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူချိန်က သူ့ရဲ့အသက်ဟာ (၁၇)နှစ်နဲ့ ရက်(၄၀)ပါ။
အဲ့ဒါကြောင့် ကာမာဒါအနေနဲ့ ဒီစံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်နေပါသေးတယ်။ ကာမာဒါရဲ့သွင်းဂိုးမရခဲ့ပေမယ့် အေစီမီလန်အသင်းဟာ ကလပ်ဘရုဂေးအသင်းကို အနိုင်ယူပြီး ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရမှတ်နဲ့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။