အာတီတာ၊ ဂွါဒီယိုလာ ဆရာတပည့်နှစ်ဦး ရှုံးပွဲတွေ့ခဲ့ပြီး လီဗာပူးလ် ထိပ်ဆုံးပြန်ရောက်လာတဲ့ ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)မှာ ချန်ပီယံမန်စီးတီးအသင်းနဲ့ စိန်ခေါ်သူအာဆင်နယ်တို့ အသီးသီးရှုံးပွဲတွေ့ခဲ့ပြီး လီဗာပူးလ်အသင်းက ဘရိုက်တန်ကို နိုင်ပွဲရခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်ရောက်လာပါတယ်။
ဒီနေ့ရဲ့ပထမဆုံးပွဲမှာ အာဆင်နယ်အသင်းက အဝေးကွင်းစိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်အသင်းကို တိုက်စစ်မှူးအစ်ဆက်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
မန်စီးတီးအသင်းကလည်း ဘုန်းမောက်ကို ဆီမန်ညို၊ အီဗာနယ်လ်ဆင်တို့ သွင်းတဲ့ဂိုးတွေကြောင့် (၂)ဂိုးအရှုံးကနေ နောက်ကလိုက်ကစားခဲ့ရပြီး ပွဲချိန်(၈၂)မိနစ်မှ ဗာဒီယိုလ်က ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်တာကြောင့် (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ ဘရိုက်တန်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အမှားအယွင်းမရှိနောက်ကနေလိုက်ကစားပြီး ချေပဂိုးတွေ၊ အနိုင်ဂိုးတွေသွင်းယူကာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဂတ်ပိုနဲ့ ဆာလာတို့က (၃)မိနစ်အတွင်း(၆၉ ၊ ရ၂ မိနစ်)သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ(၁၀)ပွဲကစားရာမှာ နိုင်ပွဲ(၈)ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရမှတ်(၂၅)မှတ်နဲ့ ပြန်ဦးဆောင်ခဲ့ပြီး ဒုတိယနေရာမှာ မန်စီးတီးက ရမှတ်(၂၃)မှတ်နဲ့ ရှိနေပါတယ်။
၀က်စ်ဟမ်းကို (၃)ဂိုးပြတ်နိုင်ခဲ့တဲ့ နော်တင်ဂမ်ဖောရက်စ်က ရမှတ်(၁၉)မှတ်နဲ့ တတိယနေရာကို တက်လာပြီး အာဆင်နယ်က လောလောဆယ်အဆင့်(၄)ကို ရောက်သွားခဲ့ပါတယ်။
မနက်ဖြန်ပွဲတွေမှာ ဗီလာနဲ့ ချယ်လ်ဆီးတို့ နိုင်ပွဲရခဲ့ရင်တော့ အာဆင်နယ်အသင်းအနေနဲ့ အဆင့်(၆)အထိ ဆင်းလာနိုင်ပါတယ်။