ဒိန်းမတ်နဲ့ ပွဲစဉ်မှာ ဖလော်ရီယန်ဗစ်ဇ်ကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖို့ နည်းပြနာဂယ်လ်စမန်း စဉ်းစား

0

ဒီနေ့ကစားမယ့် ဂျာမနီ-ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ လေဗာကူဆင်အသင်း ကွင်းလယ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ကို ဂျာမနီအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ချန်လှပ်ဖို့ နည်းပြ နာဂယ်လ်စမန်းက စဉ်းစားနေပါတယ်။

ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းနဲ့အတူ ဆုဖလား(၂)လုံးရယူနိုင်ခဲ့တဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ စကော့တလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ဂျာမနီအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သူပါ။

ဖလော်ရီယန်ဗစ်ဇ်ဟာနောက်ထပ် အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ဟန်ဂေရီ၊ ဆွစ်ဇာလန်အသင်းတို့နဲ့ပွဲတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်အနည်းငယ်ကျဆင်းသွားခဲ့တဲ့အတွက် နည်းပြ နာဂယ်လ်စမန်းက ဒိန်းမတ်အသင်းနဲ့ Round of 16 ပွဲစဉ်မှာ သူ့ကို ဂျာမနီအသင်းရဲ့ပွဲထွက်လူစာရင်းက ဖယ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းဟာ အုပ်စုပွဲစဉ်တစ်လျှောက် ကိုင်ဟာဗက်ဇ်ကိုသာ နံပတ်(၉)အဖြစ် အသုံးပြုထားပြီး လူစားဝင်တိုက်စစ်မှူး ဖူလ်ကုဟာ ဒီပြိုင်ပွဲမှာ(၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြသထားတာပါ။

အဲ့ဒါကြောင့် ဂျာမနီအသင်းပရိသတ်တွေက ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ဖူလ်ကုကို ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ မဲပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ နာဂယ်လ်စမန်းကတော့ ဒါကို ဖြေရှင်းဖို့အတွက် သူတို့(၂)ဦးကို ပွဲထွက်လူစာရင်းမှာ အသုံးပြုပြီး ဖလောရီယန်ဗစ်ဇ်ကို အရန်ကစားသမားအဖြစ်အသုံးပြုဖို့ စီစဉ်နေတာပါ။ အဲ့ဒါဆိုရင် ကိုင်ဟာဗက်ဇ်ဟာ နံပတ်(၁၀)နေရာမှာ ကစားပြီး ဖူလ်ကုဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားရမှာဖြစ်ပါတယ်။

ဒီနည်းဗျူဟာအပြောင်းအလဲက ဂျာမနီအသင်းကို ပိုပြီးအားကောင်းတဲ့ တိုက်စစ်ရွေးချယ်မှုကို ပေးလိမ့်မယ်လို့ နာဂယ်လ်စမန်းကယုံကြည်မှုရှိနေပါတယ်။ ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာ (၈)ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *