ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် အီတလီ ပရိသတ်တွေကို ဒွန်နာရမ်မာ တောင်းပန်

0

မနေ့က ဆွစ်ဇာလန်(၂-ဝ)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ အီတလီအသင်းပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် အသင်းခေါင်းဆောင် ဒွန်နာရမ်မာက အီတလီပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ အီတလီအသင်းဟာ ဒီပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာကြောင့် အီတလီအသင်းပရိသတ်တွေဟာ စိတ်ပျက်နေကြတာပါ။

အီတလီအသင်းဟာ အုပ်စုအဆင့်ပွဲစဉ်မှာကတည်းက ကောင်းမွန်မှုမရှိတဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာလည်း ပြင်ဆင်နိုင်ခဲ့ခြင်းမရှိလို့ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အီတလီအသင်းခေါင်းဆောင် ဒွန်နာရမ်မာက ရှုံးပွဲကြောင့် နာကျင်မိပေမယ့် ဆွစ်ဇာလန်အသင်းကွာတားဖိုင်နယ်တက်ဖို့ ထိုက်တန်တယ်လို့ ပွဲအပြီးမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။

ဒွန်နာရမ်မာက “အလွန်နာကျင်ရပါတယ်။ ကျွန်တော်တို့ အီတလီနိုင်ငံသားအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ဟာ ဒီပွဲမှာစိတ်ပျက်စရာဖြစ်ခဲ့ပြီး သူတို့က အနိုင်ရလဒ်နဲ့ထိုက်တန်ပါတယ်။ ကျွန်တော်တို့ဟာ ဒီပွဲမှာ အရာအားလုံးပျောက်ဆုံးနေခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အီတလီအသင်းနည်းပြ စပယ်လက်တီက ယူရို-၂၀၂၄ ပြိုင်ပွဲကနေ နိုင်ငံအသင်းစောစီးစွာထွက်ခွာခဲ့ရတဲ့အတွက် သူ့မှတာဝန်အပြည့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ အီတလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ဆွစ်ဇာလန်အသင်းဟာ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *