ဆလိုဗက်ကီးယားနဲ့ပွဲမှာ အင်္ဂလန်ပွဲထွက်လူစာရင်းက ကစားသမားတစ်ဦးသာ ဆောက်ဂိတ်ပြောင်းလဲဖွယ်ရှိ

0

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆလိုဗက်ကီးယားအသင်းနဲ့ ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းကို တစ်ဦးသာပြောင်းလဲဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့တာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲအတူ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရတာပါ။

နည်းပြ ဆောက်ဂိတ်ဟာ အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးမှာ ပွဲထွက်လူစာရင်းကို ပြောင်းလဲခြင်းမရှိခဲ့ပေမယ့် ဆလိုဗေးနီးယားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ဂယ်လက်ဂါကို အာနိုးလ်ရဲ့နေရာမှာ ပြောင်းလဲပြီးပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂယ်လက်ဂါဟာ ပထမပိုင်းအပြီးမှာ ကိုဘီမေနူးနဲ့ လူစားလဲမှုပြုလုပ်ခြင်းခံခဲ့ရပါတယ်။

ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လူစာရင်းကို အပြောင်းအလဲအများအပြားလုပ်ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် နည်းပြဆောက်ဂိတ်ဟာ အပြောင်းအလဲတစ်ဦးသာပြုလုပ်ဖွယ်ရှိတယ်လို့ The Guardian က ဖော်ပြထားပါတယ်။

ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကိုဘီမေနူးကို ဒက်ကလန်ရိုက်စ်နဲ့အတူ ကွင်းလယ်မှာတွဲဖက်ပြီး ဆလိုဗက်ကီးယားအသင်းနဲ့ပွဲစဉ်မှာ ပွဲထုတ်ဖို့ နည်းပြ ဆောက်ဂိတ်က အစီအစဉ်ရှိနေတာပါ။

ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ ကိုးလ်ပါမား၊ ဂေါ်ဒွန်တို့ကလည်း အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နည်းပြ ဆောက်ဂိတ်ဟာ တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားခြင်းမရှိသေးတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိသေးပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *