ဂျော်အိုဖီးလစ်ကို ပွဲထွက်လူစာရင်းမှာ ပုံမှန်အသုံးပြုဖို့ မာရက်စ်ကာကို ချယ်လ်ဆီးပရိသတ် တောင်းဆို
မနေ့က ချယ်လ်ဆီး(၅-ဝ)ဘာရိုးလ် ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်ကို ပုံမှန်ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ ချယ်လ်ဆီးအသင်းပရိသတ်တွေက နည်းပြမာရက်စ်ကာကို တောင်းဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲက ပွဲထွက်လူစာရင်းကို တစ်သင်းလုံးအပြောင်းအလဲပြုလုပ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ အန်ကွန်ကူ၊ဂျော်အိုဖီးလစ်၊နက်တိုနဲ့ မူဒရစ်တို့ကို အသုံးပြုခဲ့တာပါ။
အန်ကွန်ကူက ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို နက်တိုလည်း(၁)ဂိုးသွင်းပြီး ဂျော်အိုဖီးလစ်က ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျော်အိုဖီးလစ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ချယ်လ်ဆီးအသင်းအတွက် လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ဂျော်အိုဖီးလစ်ဟာ လိဂ်တူးကလပ် ဘာရိုးလ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းပရိသတ်တွေက ဂျော်အိုဖီးလစ်ကို ထိပ်တန်းကလပ်တွေနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းအသုံးပြုပြီး ပွဲကစားချိန်ပိုပေးဖို့ နည်းပြမာရက်စ်ကာကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ တောင်းဆိုခဲ့ကြတာပါ။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အန်ကွန်ကူ၊ဂျော်အိုဖီးလစ်နဲ့ နက်တိုတို့ဟာ ပရီးမီးယားလိဂ်မှာ ပွဲအစကတည်းက ပါဝင်ဖို့ ထိုက်တန်တဲ့သူတွေလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဘာရိုးလ်အသင်းကို အနိုင်ရခဲ့တာကြောင့် နောက်ဆုံး(၃)ပွဲဆက်တိုက် ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။