၂၀၂၄ Ballon d’Or ဆုကို ရရှိမယ်လို့ ဗင်နီစီယပ်စ် အကြောင်းကြားခံထားရကြောင်း Marca ဖော်ပြ
စပိန်သတင်းစာ Marca က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ဗင်နီစီယပ်စ်ဟာ ၂၀၂၄ အတွက် ချီးမြှင့်မယ့် Ballon d’Or ဆုကို ရရှိမယ်ဆိုပြီး အကြောင်းကြားခံထားရတယ်လို့ ဖော်ပြထားပါတယ်။ ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ Ballon d’Or ဆုကို ဗင်နီစီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဖော် ဘယ်လင်ဂမ်နဲ့ မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီတို့ကို အသာရပြီး ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာလို့ Marca ရဲ့ဖော်ပြချက်မှာပါရှိတာပါ။
ဗင်နီစီယပ်စ်ရဲ့ဖိနပ်စပွန်ဆာဖြစ်တဲ့ Nike ကလည်း Ballon d’Or ဆုအတွက် အထူးဂုဏ်ပြုမှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် Ballon d’Or ဆုကိုရရှိဖို့ ထိုက်တန်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားခဲ့တဲ့(၃၉)ပွဲမှာ (၂၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဗင်နီစီယပ်စ်ဟာ ဂိုးဖန်တီးမှု(၁၁)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ ဗင်နီစီယပ်စ်သာ ၂၀၂၄ အတွက် Ballon d’Or ဆုကို ရယူနိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်အသငအကြိ ဘာစီလိုနာအသင်းနဲ့ အကြိမ်အရေအတွက်တူညီနေတာကနေ Ballon d’Or ဆုအများဆုံးရယူနိုင်တဲ့ ကလပ်အသင်းအဖြစ်(၁၃)ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။
၂၀၂၄ အတွက် Ballon d’Or ဆုချီးမြှင့်ပွဲကို အောက်တိုဘာ(၂၈)ရက် ပါရီမှာ ကျင်းပသွားမှာဖြစ်ပြီး သတင်းတွေထွက်ပေါ်တဲ့အတိုင်းပဲ ဗင်နီစီယပ်စ် ဒီဆုကို ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။