မေဆန်ဂရင်းဝုဒ်ကို မိမိတို့ စပွန်ဆာပေးထားခြင်းမရှိဘူးလို့ Nike အတည်ပြု

0

နာမည်ကြီး အားကစားကုမ္ပဏီ Nike က သူတို့ဟာ မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ကို စပွန်ဆာပေးထားခြင်းမရှိဘူးလို့အတည်ပြုခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းက လိုင်ယွန်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ Nike အမှတ်တံဆိပ်ပါဝင်တဲ့ ဖိနပ်စီးထားတာကို မြင်တွေ့ခဲ့ပြီးနောက် Nike နဲ့ ဂရင်းဝုဒ်တို့ ပြန်လည်လက်တွဲလိုက်ပြီလို့ ပြောဆိုမှုတွေရှိခဲ့တာပါ။

Nike ဟာ ဂရင်းဝုဒ်ကို အရင်က စပွန်ဆာပေးခဲ့ပေမယ့် မုဒိမ်းမှုအပါအဝင် စွဲချက်အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် သူ့ကို စပွန်ဆာပေးထားတာကနေ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်တုန်းက Nike နဲ့ ဂရင်းဝုဒ်တို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်ထားခဲ့တာပါ။ အခုအချိန်မှာ ဂရင်းဝုဒ်ဟာ စွဲချက်တွေအားလုံးကနေ လွတ်မြောက်ခဲ့ပြီး မာဆေးလ်အသင်းမှာ ခြေစွမ်းပြသနေခဲ့တာကြောင့် Nike က သူ့ကို စာချုပ်သစ်ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Daily Mail က Nike ကို ဆက်သွယ်ခဲ့ရာမှာ “ဂရင်းဝုဒ်ဟာ Nike ရဲ့အားကစားသမားမဟုတ်ဘူး”လို့ တုံ့ပြန်ခဲ့တာပါ။

ဂရင်းဝုဒ်ဟာ နည်းပြ ဒီဇာဘီလက်အောက်မှာ မာဆေးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပြင်သစ်လီဂူး-၁ ပွဲစဉ်(၅)ပွဲကစားအပြီးမှာ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းရဲ့သြဂုတ်လတစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။

မာဆေးလ်အသင်းဟာ ဒီရာသီလီဂူး-၁ ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိနေပြီး (၅)ပွဲကစားထားရာမှာ ရမှတ်(၁၃)မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့်(၁)နေရာက PSG အသင်းနဲ့ ရမှတ်တူဂိုးကွာခြားချက်ကြောင့် အဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *