စာချုပ်သစ်အတွက် စပါးအသင်းနဲ့ မိမိ မဆွေးနွေးရသေးဘူးလို့ ဆွန်ဟောင်မင် ဆို

0

တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က သူနဲ့ စပါးအသင်းတို့ဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုပြုလုပ်ရခြင်းမရှိသေးဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ ၂၀၁၅ နွေရာသီက လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်နဲ့ စပါးအသင်းချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မြောက်လန်ဒန်မှာ ပရိသတ်အကြိုက်ကစားသမားဖြစ်ပြီး စပါးအသင်းအတွက်(၄၁၄)ပွဲပါဝင်ကစားကာ (၁၆၄)ဂိုးသွင်းယူထားတဲ့ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့စာချုပ်ဟာ လာမယ့်နွေရာသီဆိုရင် ကုန်ဆုံးမှာဖြစ်ပေမယ့် စပါးအသင်းဟာ သူ့ကို(၁)နှစ်သက်တမ်းတိုးခွင့်ရှိနေတာပါ။ စပါးအသင်းဟာ ဒီအချက်ရှိနေတဲ့ အတွက် ဆွန်ဟောင်မင်ရဲ့စာချုပ်နဲ့ ပတ်သက်ပြီး စိတ်အေးလက်အေးရှိနေတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်က “စာချုပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘာမှပြောဆိုခြင်းမရှိသေးပါဘူး။ ကျွန်တော့်အတွက်တော့ အလွန်ရှင်းပြီး ဒီရာသီကိုပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။ ဒီကလပ်အတွက် ကျွန်တော်အရာအားလုံးကိုပေးထားပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူမှမသိနိုင်ဘူး”လို့ ဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ဒီရာသီ စပါးအသင်းအတွက် ပရီးမီးယားလိဂ်(၅)ပွဲပါဝင်ကစားအပြီးမှာ (၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားပါတယ်။ စပါးအသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *