မက်ဒရစ်ဒါဘီပွဲမှာ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုအာရဲ့အောင်ပွဲခံမှုကို ဆီမြွန်နီဝေဖန်

0

မနေ့က အက်သလက်တီကို(၁-၁)ရီးရဲလ်မက်ဒရစ် လာလီဂါပွဲစဉ်မှာ ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်တွေရဲ့လုပ်ရပ်ကို အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ရှုတ်ချခဲ့သလို ဒီအဖြစ်အပျက်ဖြစ်အောင် လုပ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမား ကော်တိုအာရဲ့အောင်ပွဲခံမှုကိုလည်း ဝေဖန်ခဲ့ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦးဆောင်ဂိုးကို နောက်ခံလူ မီလီတာအိုက ဂိုးသွင်းယူအပြီးမှာ ဂိုးသမား ကော်တိုအာဟာ အသင်းဟောင်း အက်သလက်တီကိုအသင်းပရိသတ်တွေဘက်ကို လှည့်ကာ အောင်ပွဲခံခဲ့တာပါ။

အဲ့ဒါကြောင့် အက်သလက်တီကိုအသင်းပရိသတ်တွေဟာ ကော်တိုအာကို ဒေါသထွက်ပြီး မီးခြစ်၊ပလတ်စတစ်အိတ်အပါအဝင် ကွင်းထဲကို အရာဝတ္ထုအများအပြားနဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကိုရပ်တန့်ပြီး (၂)သင်းစလုံးကို ကွင်းထဲကနေ ထွက်ခွာခိုင်းခဲ့တာပါ။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ၊အသင်းခေါင်းဆောင် ကိုကီအပါအဝင် ကစားသမားအချို့ဟာ ပရိသတ်တွေကို ဒီလိုမျိုးအပြုအမူတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပွဲကိုမိနစ်(၂၀)လောက်ရပ်တန့်အပြီးမှာ ပြန်လည်စတင်ကစားခဲ့ကြပြီး မိနစ်(၉၀+၅)မိနစ်မှာ ကော်ရီယာက အက်သလက်တီကိုအသင်းအတွက် အဖိုးတန်ချေပဂိုးသွင်းယူခဲ့တာကြောင့် မက်ဒရစ်ဒါဘီပွဲစဉ်မှာ (၂)သင်းစလုံးဟာ ရမှတ်ခွဲဝေယူခဲ့ကြရတာပါ။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပရိသတ်တွေရဲ့လုပ်ရပ်နဲ့ ကော်တိုအာရဲ့အပြုအမူတွေကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။

ဆီမြွန်နီက “လူတွေကို သွားပြီးရန်စရင် ဒေါသထွက်ကြပါလိမ့်မယ်။ ကော်တိုအာအနေနဲ့ ဂိုးသွင်းပြီးရင် အောင်ပွဲခံလို့ရပေမယ့် ပွဲကြည့်စင်ပေါ်ကို ကြည့်ကာ အမူအရာတွေနဲ့ ပြုလုပ်တာမျိုးတော့ မလုပ်သင့်ဘူး”လို့ ဆိုခဲ့တာပါ။

(၂)သင်းစလုံးဟာ ဒီပွဲသရေရလဒ်ကြောင့် ဒီရာသီလာလီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘဲ ရီးရဲလ်မက်ဒရစ်အသင်းက (၁၈)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၂)၊အက်သလက်တီကိုအသင်းက (၁၆)မှတ်နဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *