စီရော်နယ်ဒိုက ဟာလန်းထက် ဂိုးပိုသွင်းနိုင်လို့ မန်စီးတီးထံ မပြောင်းရွှေ့အောင် တားဆီးခဲ့တယ်လို့ ဆိုးလ်ရှား ဝန်ခံ

0

မန်ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားက ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ နော်ဝေအသင်းတိုက်စစ်မှူး ဟာလန်းထက် ဂိုးပိုပြီးသွင်းယူနိုင်တာကြောင့် မန်စီးတီးအသင်းထံ မပြောင်းရွှေ့ဖြစ်အောင် တားဆီးခဲ့တယ်လို့ Oslo Business Forum မှာ ဝန်ခံခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၂၁ နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့စီစဉ်နေချိန်မှာ မန်စီးတီးအသင်းနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အသင်းဟောင်း မန်ယူနိုက်တက်အသင်းက သူ့ကို ပြန်ပြီးခေါ်ယူခဲ့တာပါ။

စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းအတွက် ပြန်ကစားတဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံ(၂၄)ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားထုတ်ပယ်ခံရပြီး သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာတော့ စီရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်မှုတွေကြောင့် အဆင်မပြေမှုတွေရှိခဲ့တာပါ။ အဲ့ဒါကြောင့် စီရော်နယ်ဒိုဟာ ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး မန်ယူနိုက်တက်အသင်းနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကို ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအင်တာဗျူးအပြည့်အစုံထွက်ပေါ်လာအပြီးမှာ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းနည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားက သူ့ရဲ့အသင်းဖော်ဟောင်း စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့တာက မှားယွင်းခဲ့ပြီး အဝတ်လဲခန်းထဲမှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက သူဟာ မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပေမယ့် ကလပ်အသင်းဘက်ကသာ သူ့ကိုအလိုရှိတယ်ဆိုရင် ပြန်လာချင်တယ်လို့လည်း ဝန်ခံထားပါတယ်။ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းကို ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၂၁ နိုဝင်ဘာအထိ ကိုင်တွယ်ခဲ့ပေမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိခဲ့တာက သူ့အတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *