ချန်ပီယံရှစ်ပြိုင်ပွဲမှာ VAR အသုံးပြုဖို့ EFL ထံ ဘရစ်စတိုးလ် နည်းပြ လီယန်မန်နင်း တောင်းဆို
ဘရစ်စတိုးလ်အသင်းနည်းပြ လီယန်မန်နင်းက ချန်ပီယံရှစ်ပြိုင်ပွဲမှာ VAR နည်းပညာကို မိတ်ဆက်အသုံးပြုဖို့ EFL ထံတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ပတ်ထဲကစားခဲ့တဲ့ ဆွမ်ဆီး(၁-၁)ဘရစ်စတိုးလ်ပွဲစဉ်မှာ သူ့ရဲ့အသင်းက အငြင်းပွားဖွယ်သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်မှာ ဘရစ်စတိုးလ်အသင်းနည်းပြ လီယန်မန်နင်းက တောင်းဆိုမှုပြုလုပ်လာခဲ့တာပါ။
ဒီပွဲစဉ်မှာ ဆွမ်ဆီးအသင်းထောင့်ကန်ဘောကနေ ဂိုးသွင်းယူချိန်မှာ ဆွမ်ဆီးအသင်းတိုက်စစ်မှူး ရိုနယ်လ်က ဘရစ်စတိုးလ်အသင်းဂိုးသမား အိုလီရီ ကာကွယ်လို့မရအောင် ပိတ်ဆို့ထားတာဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းတိုက်စစ်မှူးဟာ ပြိုင်ဘက်ဂိုးသမားကို သူ့ရဲ့လက်နှစ်ဖက်စလုံးနဲ့ ဖက်ထားပေမယ့် ကွင်းလယ်ဒိုင်လူကြီး ဂျွန်စမစ်က ဒီအဖြစ်အပျက်ကို မမြင်တွေ့ခဲ့တဲ့အတွက် ဆွမ်ဆီးအသင်းရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တာပါ။
အဲ့ဒါကြောင့် ဘရစ်စတိုးလ်အသင်းနည်းပြ လီယန်မန်နင်းက ဒီအဖြစ်အပျက်က အလွန်ရှင်းတဲ့အတွက် VAR က အကူအညီပေးရမယ့်အဆင့်ကို ရောက်နေပြီလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ဒါဘီအသင်းက နော်ဝစ်ချ်အသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲစဉ်မှာ ဒါဘီအသင်းဟာ အငြင်းပွားဖွယ်သွင်းဂိုးခွင့်ပြုခြင်းခံခဲ့ရတာပါ။ နော်ဝစ်ချ်အသင်းသွင်းယူတဲ့ ပထမဂိုးကို ပေးပို့ခဲ့တဲ့ ဆာဂျန့်ဟာ ဒီပေးပို့မှုမပြုလုပ်ခင်ကတည်းက ဘောလုံးဟာ စည်းအပြင်ဘက်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒါဘီကစားသမားတွေဟာ ဒေါသထွက်ပြီး ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်မှုတွေပြုလုပ်ခဲ့ကြတာပါ။ အိမ်ရှင် ဒါဘီအသင်းပရိသတ်တွေက ကွင်းလယ်ဒိုင်လူကြီးကို အော်ဟစ်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ဟာ VAR ကို ၂၀၁၉-၂၀ ရာသီအစမှာ စတင်အသုံးပြုခဲ့ပေမယ့် အခုအချိန်ထိ အငြင်းပွားမှုတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။