နစ္စတယ်ရွိုင်းက တန်ဟတ်ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ မာတင်ကီအွန် စွပ်စွဲ
အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီအွန်က သူ့ရဲ့ပြိုင်ဘက်ဟောင်း နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့စောင့်ဆိုင်းနေတယ်လို့စွပ်စွဲခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ခံစားနေရပြီး သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။
ဒတ်ချ်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဘန်လေအသင်းနည်းပြရာထူးကို ရယူနိုင်မယ့်အခွင့်အရေးကို ပယ်ချပြီး အသင်းဟောင်း မန်ယူနိုက်တက်အသင်းထံ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရချိန်မှာ မာတင်ကီအွန်က နစ္စတယ်ရွိုင်း အိုးထရက်ဖိုဒ့်ထံ ပြန်ရောက်လာတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကို မေးခွန်းထုတ်ခဲ့တာပါ။ မာတင်ကီအွန်ဟာ ၂၀၀၃ က အာဆင်နယ်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နစ္စတယ်ရွိုင်းပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်တွေရှိခဲ့တာဖြစ်ပါတယ်။
မာတင်ကီအွန်က talkSPORT Show မှာ “ကျွန်တော်နစ္စတယ်ရွိုင်းကို ကြည့်နေပြီး သူဟာ နည်းပြအတွက် အရာအားလုံးပေးရဲ့လားဆိုတာပါ။ နည်းပြက အထီးကျန်နေပုံရပါတယ်။ နစ္စတယ်ရိုင်းက နည်းပြရာထူးကို ရယူဖို့စောင့်ဆိုင်းနေတာလား။ ဘာကြောင့်လဲဆိုရင် မန်ယူနိုက်တက်အသင်းမှာ အပြောင်းအလဲဖြစ်လာနိုင်တဲ့ပုံစံတွေဖြစ်နေလို့ပါ”လို့ ဆိုခဲ့တာပါ။
မန်ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့် ကလပ်အသင်းအကြီးအကဲတွေကတော့ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့မရှိသေးဘဲ လာမယ့်ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်၊အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်ပြီးကိုင်တွယ်ဖို့ အခွင့်အရေးပေးထားပါတယ်။ ဒါပေမယ့် ဒီပွဲတွေမှာ ရလဒ်မကောင်းရင်တော့ အဲရစ်တန်ဟတ်ရဲ့မန်ယူနိုက်တက်အသင်းအနာဂတ်ဟာ အဆုံးသတ်သွားဖို့ရှိနေတာဖြစ်ပါတယ်။