ချန်ပီယံလိဂ်ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဆိုရှယ်မီဒီယာမှာ ဆဲလ်တစ်အသင်း လှောင်ပြောင်ခံရ
မနေ့က ဒေါ့မွန်(၇-၁)ဆဲလ်တစ် ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဆဲလ်တစ်အသင်းဟာ စကော့တလန်အတွက် ရှက်ဖို့ကောင်းတယ်ဆိုတဲ့ ရေးသားမှုအပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်မှုအများအပြားခံခဲ့ရပါတယ်။ ဆဲလ်တစ်အသင်းဟာ ဒေါ့မွန်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီရှုံးပွဲမရှိ ရလဒ်ကောင်းတွေရရှိနေတဲ့ မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ရတာပါ။
ဆဲလ်တစ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာကတည်းက ဒေါ့မွန်အသင်းကို (၁-၅)ဂိုးနဲ့ အရေးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ်သွင်းဂိုး(၂)ဂိုးထပ်ခွင့်ပြုခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းဟာ စိတ်ပျက်စရာကောင်းတဲ့ပထမပိုင်းစွမ်းဆောင်ရည်ကြောင့် ၁၉၉၇-၉၈ က ကမ်ဘရမ်တောင်းအသင်းနောက်ပိုင်း ဥရောပပြိုင်ပွဲမှာ ပထမပိုင်းတစ်ပိုင်းအတွင်း သွင်းဂိုး(၅)ဂိုးခွင့်ပြုခဲ့ရတဲ့ ပထမဆုံးဗြိတိန်အသင်းဖြစ်လာခဲ့ပါတယ်။
ပြိုင်ဘက်ပရိသတ်တွေကတော့ ဆဲလ်တစ်အသင်းရဲ့ဂိုးပြတ်ရှုံးနိမ့်မှုကို လှောင်ပြောင်ရမယ့် အခွင့်အရေးကို လက်လွှတ်မခံကြဘဲ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရိန်းဂျားစ်အသင်းပရိသတ်တစ်ဦးက “ဆဲလ်တစ်အသင်းဟာ စကော့တလန်အတွက် ရှက်ဖို့ကောင်းတယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “ချန်ပီယံရှစ်ကသာ ဆဲလ်တစ်အတွက် သင့်တော်တဲ့အဆင့်ဖြစ်တယ်”လို့ရေးသားကာ နောက်ထပ်ပရိသတ်တစ်ဦးက “ဆဲလ်တစ်က ချန်ပီယံလိဂ်မှာ အချိန်ဖြုန်းတီးနေသလိုပါပဲ”လို့ ရေးသားမှုတွေပြုလုပ်ခဲ့ကြတာပါ။
ဆဲလ်တစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ဂျာမနီနိုင်ငံမှာသွားရောက်ကစားခဲ့တဲ့ (၁၄)ပွဲစလုံး အနိုင်မရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဆဲလ်တစ်အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တုန်းက ဆလိုဗန်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲမှာတော့ ဂိုးပြတ်ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။