ရာသီအစဆိုးရွားနေပေမယ့် မိမိ ရာထူးအတွက် ထိတ်လန့်စရာမရှိဘူးလို့ တန်ဟတ် ဆို
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းရာသီအစရလဒ်တွေဆိုးရွားနေပေမယ့် သူ့အတွက် ထိတ်လန့်စရာမရှိဘူးလို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေအောက်ကို ရောက်ရှိနေပေမယ့် သူကတော့ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်အေးလက်အေးဖြစ်နေတာပါ။
မန်ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲကစားအပြီးမှာ မှတ်တမ်းဆိုးတွေနဲ့အတူ အမှတ်ပေးဇယားအဆင့်(၁၃)နေရာကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရလဒ်ဆိုးတွေကြောင့် သူ့ရဲ့နည်ပြရာထူးဆုံးရှုံးရမယ့်အပေါ်မှာ စိုးရိမ်မှုမရှိသလို ဒီရာသီမှာ အောင်မြင်မှုရနိုင်တယ်လို့လည်း ယုံကြည်မှုရှိနေတာပါ။
အဲရစ်တန်ဟတ်က “ဘယ်အရာမှ မလွယ်ပေမယ့် ဒါက ကျွန်တော့်အတွက်ထိတ်လန့်စရာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အသင်းကလည်းဒါကို ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော့်ရဲ့နောက်ဆုံး(၆)ရာသီစလုံးမှာ ဆုဖလားတွေအမြဲတမ်းရှိတယ်ဆိုတာ သူတို့သိထားပြီး ဒါက ကျွန်တော်တို့ရည်မှန်းထားတဲ့အရာပါ”လို့ ဆိုခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့(၂)ရာသီမှာ FA ဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာတော့ ရလဒ်တွေဆိုးခဲ့တာပါ။ ဒါပေမယ့် ဆုဖလားရယူပေးနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းက သူ့ကိုကလပ်မှာ ၂၀၂၆ အထိရှိမယ့် စာချုပ်သစ်ချုပ်ခဲ့သလို ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ထောက်ခံမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။