အက်စတွန်ဗီလာနဲ့ ပွဲက ဟာရီကိန်းရဲ့စွမ်းဆောင်ရည်ကို ဂျာမန်သတင်းစာ BILD ဝေဖန်

0

မနေ့က အက်စတွန်ဗီလာ(၁-၀)ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခြင်းမရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းကို ဂျာမန်သတင်းစာ BILD က ဝေဖန်ခဲ့ပါတယ်။ ဟာရီကိန်းဟာ ဂျာမန်မီဒီယာတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး မကြာသေးခင်ရက်ပိုင်းကလည်း BILD ဟာ လေဗာကူဆင်အသင်းနဲ့ ပွဲက ဟာရီကိန်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

ဟာရီကိန်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်ပဲရှိခဲ့ပြီး ဂိုးရနိုင်မယ့်အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာရီကိန်းဟာ ဒီပွဲရဲ့ပွဲချိန်အစောပိုင်းမှာ အသင်းဖော် နာဘရီက ဂိုးဧရိယာအတွင်း သူ့ကိုဘောလုံးမပေးခဲ့တဲ့အပေါ် အလွန်ဒေါသထွက်နေခဲ့တာပါ။ BILD ကတော့ ဟာရီကိန်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး အဆိုးရွားဆုံး Rating သတ်မှတ်ချက်ပေးခဲ့သလို ကွင်းထဲမှာ မမြင်ရတဲ့သူအဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းနဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီပွဲမှာ အက်စတွန်ဗီလာအသင်းနောက်ခံလူတွေကို ကျော်ဖြတ်ဖို့ ခက်ခဲ‌ခဲ့တာပါ။ ဒါ့အပြင် BILD ဟာ အက်စတွန်ဗီလာအသင်းဂိုးသွင်းယူချိန်မှာ ဂိုးအရှေ့ထွက်နေတဲ့ ဂိုးသမား နော်ယာကိုလည်း ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့တာကြောင့် (၂)ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။

ဒီရာသီ နည်းပြကွန်ပနီလက်ထက်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ်ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *