ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်မှုကို ဒီနှစ်မှာ မိမိတို့ အဆုံးသတ်မယ်လို့ ဆာကာ ကြုံးဝါး

0

အာဆင်နယ်အတောင်ပံကစားသမား ဆာကာက ပရီးမီးယားလိဂ်ဖလားမရယူနိုင်မှုကို ဒီနှစ်မှာ သူတို့အဆုံးသတ်မယ်လို့ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်(၂)မှာ PSG အသင်းကို အနိုင်ရခဲ့ပြီးနောက် ဒီရာသီကစားထားတဲ့ ပြိုင်ပွဲစုံ(၉)ပွဲစလုံး ရှုံးပွဲမရှိ ရလဒ်ကောင်းတွေရယူထားနိုင်တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၁)မှတ်သာ ကွာဟတာကြောင့် ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်ကလည်း အားကောင်းနေတာဖြစ်ပါတယ်။ ဆာကာဟာ ပွဲအပြီး CBS Sports နဲ့ အင်တာဗျူးပြုလုပ်ချိန်မှာ အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီက ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ အာဆင်နယ်အသင်းရဲ့နှစ်ဖြစ်လာမလားလို့မေးမြန်းခဲ့တာပါ။

ဆာကာက “ကျွန်တော်ဟာ ဖိအားအရမ်းကြီးမပေးချင်ပေမယ့် ဒီနှစ်က ကျွန်တော်တို့ရဲ့နှစ်ဖြစ်မယ်လို့တွေးထားပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့(၂)နှစ်က နီးစပ်ခဲ့ပြီး အခုပိုနီးလာပါပြီ။ ဒီနှစ်က ကျွန်တော်တို့ရဲ့နှစ်ဖြစ်ဖို့မျှော်လင့်တယ်”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်(၂)ပွဲကစားအပြီးမှာ ရမှတ်(၄)မှတ်ရရှိထားပြီး ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *