ဖီယင်နုနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် (၂)နှစ်ကျော်အကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို ဗန်ဒယ်ဘိခ် အဆုံးသတ်ခဲ့

0

မနေ့က ဂျီရိုနာ(၂-၃)ဖီယင်နု ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျီရိုနာအသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ဟာ (၂)နှစ်ကျော်အကြာမှ သူ့အတွက် ပထမဆုံးသွင်းဂိုးကို ရရှိသွားခဲ့ပါတယ်။

ဗန်ဒယ်ဘိခ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဆိုးရွားတဲ့ကစားသမားဘဝကို ဖြတ်သန်းပြီးနောက် နွေရာသီအပြောင်းအရွှေ့ကာလက ထွက်ခွာကာ ဂျီရိုနာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

ဗန်ဒယ်ဘိခ်ဟာ အိုင်းယက်စ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်ယူနိုက်တက်အသင်းက သူ့ကို ၂၀၂၀ နွေရာသီမှာ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် ဗန်ဒယ်ဘိခ်ဟာ မန်ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာတွေကြောင့် အိုင်းယက်စ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်မရခဲ့ပါဘူး။ ဗန်ဒယ်ဘိခ်ဟာ အဲဗာတန်နဲ့ ဖရန့်ဖတ်အသင်းတွေမှာလည်း အငှားကစားခဲ့ပေမယ့် သူ့ကို အပြီးသတ်မဝယ်ယူတာကြောင့် စာချုပ်ကုန်‌ဆုံးချိန်မှာ မန်ယူနိုက်တက်အသင်းထံ ပြန်လာခဲ့ရတာပါ။

ဗန်ဒယ်ဘိခ်ဟာ ဂျီရိုနာအသင်းမှာ ပွဲကစားခွင့်တွေရခဲ့ပြီး ဖီယင်နုအသင်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းပါဝင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒယ်ဘိခ်ဟာ ဒီပွဲမှာ ဂျီရိုနာအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာ ဂျီရိုနာအသင်းကစားသမား ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဖီယင်နုအသင်းကို အရေးနိမ့်ခဲ့တာပါ။ ဗန်ဒယ်ဘိခ်ဟာ ဖီယင်နုအသင်းနဲ့ပွဲမှာ ဂျီရိုနာအသင်းအတွက် ဂိုးမသွင်းယူနိုင်ခင် သူနောက်ဆုံးဂိုးသွင်းယူနိုင်ခဲ့တာက အဲဗာတန်အသင်းမှာ အငှားကစားချိန် ၂၀၂၂ မေက အာဆင်နယ်အသင်းနဲ့ ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျီရိုနာအသင်းဟာ အဖွင့်ပွဲစဉ်မှာလည်း PSG အသင်းကိုအရေးနိမ့်ခဲ့တာကြောင့် (၂)ပွဲကစားအပြီးမှာ (၂)ပွဲစလုံးအရေးနိမ့်ခဲ့တာပါ။ ဂျီရိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပေမယ့် ဒီရာသီလာလီဂါပြိုင်ပွဲမှာ (၈)ပွဲကစားထားပြီး ရမှတ်(၉)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *