ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီး လူစားလဲတာက ဗီလာနဲ့ပွဲမှာ လန်းဆန်းနေစေဖို့လို့ တန်ဟတ် ဆို
မနေ့က ပေါ်တို(၃-၃)မန်ယူနိုက်တက် ယူရိုပါလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာက ဒဏ်ရာကြောင့်မဟုတ်ဘဲ လာမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လန်းဆန်းနေစေဖို့လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဆိုခဲ့ပါတယ်။
ရပ်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို အသင်းဖော်တိုက်စစ်မှူး ဟွိုက်လန်းသွင်းယူတဲ့ ဒုတိယသွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တဲ့သူပါ။
ဒါပေမယ့် နည်းပြအဲရစ်တန်ဟတ်ဟာ ခြေစွမ်းပြသနေတဲ့ ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီးမှာ ဂါနာချိုနဲ့ အံ့အားသင့်ဖွယ်လူစားလဲမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းပရိသတ်တွေက ရပ်ရှ်ဖိုဒ့် ဒဏ်ရာရရှိသွားခဲ့တာလားဆိုပြီး စိုးရိမ်မှုတွေရှိခဲ့ကြပေမယ့် နည်းပြအဲရစ်တန်ဟတ်ကတော့ ရပ်ရှ်ဖိုဒ့်ကို လူစားလဲခဲ့တာက ဒဏ်ရာကြောင့်မဟုတ်ဘဲ ပွဲစဉ်များပြားမှုတွေကြောင့် လူစားလဲခဲ့ရတာလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းနဲ့ သရေကျခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ(၁၀)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့သလို ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်တွေကြောင့် သူ့ရဲ့အနာဂတ်ဟာ လှုပ်ခတ်နေပေမယ့် ရာသီအကုန်မှသာ ဝေဖန်မှုတွေပြုလုပ်ကြဖို့ ပြောဆိုထားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ အက်စတွန်ဗီလာအသင်းဟာ ရလဒ်ကောင်းတွေရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။