မန်ယူနိုက်တက်ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို မကြည့်ဘဲ ရိန်းဂျားစ်ပွဲကိုသာ ဖာဂူဆန် ကြည့်ရှုအားပေး

0

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ပေါ်တိုအသင်းတို့ (၃-၃)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို မကြည့်ဘဲ ရိန်းဂျားစ်အသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ ရွေးချယ်ခဲ့ပါတယ်။ ရိန်းဂျားစ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ လိုင်ယွန်အသင်းကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းရဲ့ပွဲတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ ဖာဂူဆန်ဟာ ကလပ်အသင်းဟောင်းရဲ့ပွဲကို ကြည့်ရှုဖို့ ပေါ်တူဂီကို မသွားရောက်ခဲ့ဘဲ ရိန်းဂျားစ်အသင်းပွဲကို ကြည့်ရှုဖို့ Ibrox မှာရှိနေခဲ့ပြီး ဒါကို ရုပ်သံတွေက မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ပွဲကြည့်စင်ပေါ်မှာပြုံးရွှင်နေခဲ့ပေမယ့် ရိန်းဂျားစ်အသင်းကတော့ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ အသက်(၈၂)နှစ်အရွယ်ရှိ ဖာဂူဆန်ကို ဂလပ်စဂိုမှာ မွေးဖွားခဲ့ပြီး သူဟာ ရိန်းဂျားစ်အသင်းအတွက် ၁၉၆၇ ကနေ ၁၉၆၉ ကြားအထိ ကစားခဲ့တာဖြစ်ပါတယ်။

ဖာဂူဆန်ဟာ အနားယူပြီးကတည်းက အိုးထရက်ဖိုဒ့်မှာယှဉ်ပြိုင်တဲ့ မန်ယူနိုက်တက်အသင်းရဲ့ပွဲတွေကို တက်ရောက်ကြည့်ရှုခဲ့ပြီး ကလပ်အသင်းရလဒ်တွေဆိုးဝါးတာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာလည်း သူတို့ရဲ့ဆိုးရွားတဲ့ ရလဒ်ဆိုးကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ နောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ နည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဖာဂူဆန်က ထောက်ခံပေးထားတယ်လို့ သိရပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းကို ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာဖလားရယူပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *