အင်္ဂလန်လူစာရင်းမှာ ဆန်ချိုကို မရွေးချယ်ခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေ စိတ်ပျက်

0

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေဟာ အောက်တိုဘာထဲကစားမယ့် UEFA Nations League ပွဲတွေအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာမှာ တောင်ပံကစားသမား ဆန်ချိုကို မရွေးချယ်ခဲ့တဲ့အပေါ် ချယ်လ်ဆီးအသင်းပရိသတ်တွေက စိတ်ပျက်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

ဆန်ချိုဟာ နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသခဲ့တာကြောင့် ပရိသတ်တွေက သူ့ကို အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်ခဲ့တာပါ။

ဆန်ချိုဟာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားထားတဲ့ ပရီးမီးယားလိဂ်(၃)ပွဲစလုံး ဂိုးဖန်တီးမှုပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုဟာ အင်္ဂလန်အသင်းလူစာရင်းမှာ မရွေးချယ်ခံရတဲ့အပေါ် ချယ်လ်ဆီးအသင်းပရိသတ်တစ်ဦးက “ဆန်ချိုဟာ သူ့ရဲ့ရာသီစတင်မှုကြောင့် အင်္ဂလန်လူစာရင်းမှာ နေရာတစ်နေရာရဖို့ ထိုက်တန်တယ်”လို့ ရေးသားခဲ့တာပါ။ နောက်ထပ်တစ်ဦးက “ဆန်ချိုနဲ့ မက်ဒီဆင်မပါဝင်ပေမယ့် ဘယ်လင်ဂမ်နဲ့ ဝေါလ်ကာတို့ပါဝင်လာခဲ့ပါတယ်”လို့ ရေးသားကာ နောက်ထပ်ပရိသတ်တစ်ဦးက “ဆန်ချိုဟာ အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ထိုက်တန်ပေမယ့် လီဗာပူးလ်အသင်းနဲ့ပွဲအတွက် သူအပြည့်အဝအနားယူရမှာကို ပျော်ရွှင်တယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် ၂၀၂၁ အောက်တိုဘာက နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးပြီးနောက်ပိုင်း လက်ရွေးစင်အသင်းလူစာရင်းနဲ့ ဝေးကွာခဲ့တာပါ။ အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက ဆန်ချိုဟာ သူနှစ်သက်တဲ့ ကစားသမားဖြစ်ပြီး သူ့အတွက် ကစားဖို့ အချိန်လိုအပ်တယ်လို့ လူစာရင်းကြေညာအပြီး မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဆန်ချိုဟာ နောက်လာမယ့် အင်္ဂလန်အသင်းပွဲတွေမှာ လူစာရင်းထဲ ပြန်လည်ရွေးချယ်ခံရဖွယ်ရှိနေတာပါ။

၂၀၁၈ မှာ အင်္ဂလန်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဆန်ချိုဟာ (၂၃)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူကာ ဒုတိယရခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *