အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ အိုစမာယစ်ကို (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေ FA ချမှတ်
ပြီးခဲ့တဲ့လက ပရက်စတန်(ဝ-ဝ)ဘလက်ဘန်း ချန်ပီယံရှစ်ပွဲစဉ်မှာ ဘလက်ဘန်းအသင်းနောက်ခံလူ အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ ပရက်စတန်အသင်းတိုက်စစ်မှူး အိုစမာယစ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေချမှတ်ခဲ့ပါတယ်။ အိုစမာယစ်ဟာ ဒီပွဲမှာ အိုဝင်ဘက်ကို သူကိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်းမရှိလို့ အနီကတ်ကို ရှောင်နိုင်ခဲ့ပေမယ့် FA ရဲ့ကာလရှည်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရတာပါ။
အိုဝင်ဘက်ကတော့ ဒီပွဲမှာ ပရက်စတန်အသင်းကစားသမား ဟိုလ်မက်စ်ကို ကန်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ FA က အိုစမာယစ်ဟာ ပွဲချိန်(၈၇)မိနစ် ဝန်းကျင်မှာ အိုဝင်ဘက်ကို ကိုက်ခဲ့ပြီး ကြမ်းတမ်းတဲ့အပြုအမူကျူးလွန်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ကြောင်း သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ အဲ့ဒါကြောင့် FA က အိုစမာယစ်ကို (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေပေါင်(၁၅,၀၀၀) ချမှတ်ခဲ့တာဖြစ်ပါတယ်။
အိုစမာယစ်ဟာ ဒီအဖြစ်အပျက်ပြီးနောက် ပရက်စတန်အသင်းအတွက် (၂)ပွဲပါဝင်ကစားခဲ့ပြီး ဝက်ဖိုဒ့်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာပါ။ အိုစမာယစ်ဟာ ပွဲပယ်ပြစ်ဒဏ်ချက်ချင်းကျခံရမှာဖြစ်ပြီး နိုဝင်ဘာ (၂၃)ရက်မှာ ကစားမယ့် ဒါဘီအသင်းနဲ့ပွဲစဉ်မှသာ ပရက်စတန်အသင်းအတွက် ပြန်ပါဝင်နိုင်မှာဖြစ်ပါတယ်။ ကာဒစ်ဇ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုစမာယစ်ဟာ ဒီရာသီ ပရက်စတန်အသင်းအတွက် ပါဝင်ကစားထားတဲ့ (၁၁)ပွဲမှာ (၅)ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ပရက်စတန်အသင်းဟာ ဒီရာသီချန်ပီယံရှစ်ပွဲစဉ်(၈)ပွဲကစားအပြီးမှာ ရမှတ်(၈)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၂၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။