တန်ဟတ်ရဲ့မန်ယူနိုက်တက်အနာဂတ်ကို မိမိ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ဆာဂျင်ရက်ကလစ်ဖ် ဆို
မန်ယူနိုက်တက်အသင်းရဲ့ရာသီအစဆိုးရွားတဲ့ ရလဒ်တွေကြောင့် ဖိအားအများအပြားခံစားနေရတဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကို သူဆုံးဖြတ်မှာမဟုတ်ဘူးလို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပေါ်တိုအသင်းနဲ့ (၃-၃)ဂိုးစီ သရေကျခဲ့တာအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေခဲ့တာကြောင့် အဲရစ်တန်ဟတ်ရဲ့နည်းပြရာထူးဟာ မရေမရာဖြစ်နေတာပါ။
အဲ့ဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ မန်ယူနိုက်တက်အသင်းမှာ သူ့ရဲ့နည်းပြရာထူးကို ဆက်ထိန်းဖို့ဆိုရင် အက်စတွန်ဗီလာအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မဖြစ်မနေနိုင်ပွဲရယူအောင် ကိုင်တွယ်ပေးရတော့မှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ နွေရာသီကမှ အဲရစ်တန်ဟတ်ကို ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးထားပေမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ ရလဒ်မကောင်းရင် ထုတ်ပယ်ဖို့ စဉ်းစားနေတာပါ။ ဒီအချိန်မှာ ဆာဂျင်ရက်ကလစ်ဖ်က သူဟာ အဲရစ်တန်ဟတ်ကို နှစ်သက်တယ်လို့ ပြောလာခဲ့ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်က “အဲရစ်တန်ဟတ်အပေါ် ယုံကြည်မှုရှိသေးလားဆိုတဲ့ မေးခွန်းကို ကျွန်တော်မဖြေချင်ပါဘူး။ သူ့ကို ကျွန်တော်နှစ်သက်ပါတယ်။ သူ့ရဲ့အနာဂတ်က ကျွန်တော့်အပေါ်မှာ မူမတည်ပါဘူး။ အသင်းကိုလည်ပတ်နေတဲ့ စီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်မှာပါ”လို့ BBC Sports ကို ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ပေါ်တိုအသင်းနဲ့ ပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းကို ဆက်ပြီးယုံကြည်မှုရှိပေးဖို့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။ မန်ယူနိုက်တက်အသင်းပရိသတ်တွေကတော့ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ကာ နည်းပြအပြောင်းအလဲ ပြုလုပ်ဖို့ ဆန္ဒရှိနေကြတာဖြစ်ပါတယ်။