လာမယ့်ရာသီအစပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ မန်စီးတီးရဲ့တောင်းဆိုမှုကို ပရီးမီးယားလိဂ်ပယ်ချ

0

မန်စီးတီးအသင်းဟာ နွေရာသီမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် လာမယ့်ရာသီအစပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ထံတောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ နည်းပြ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီပြိုင်ပွဲပြီးတာနဲ့ ရာသီသစ် ပြန်စတင်မယ့်အချိန်ဟာ (၄)ပတ်ကျော်သာ ခြားတာပါ။

ဒီပြိုင်ပွဲအပြီးမှာ ကစားသမားတွေကို အနား(၃)ပတ်ပေးရမှာဖြစ်လို့ မန်စီးတီးအသင်းဟာ ရာသီသစ်အဖွင့်ပွဲစဉ်အတွက် ပြင်ဆင်ဖို့အချိန်(၇)ရက်သာ ရရှိနိုင်တာဖြစ်ပါတယ်။ ဘောလုံးပြက္ခဒိန်အပေါ်မှာ ပွဲစဉ်တွေပိုမိုများပြားလာတဲ့အတွက် ကစားသမားတွေနဲ့ နည်းပြတွေဟာ စိုးရိမ်မှုတွေဖြစ်နေပြီး သပိတ်မှောက်ဖို့တောင် စီစဉ်နေကြတာပါ။ FIFPRO က ကစားသမားအချို့ဟာ တစ်နှစ်တာအတွင်းမှာ အနားယူဖို့(၁၂)%သာ ရရှိတယ်လို့ ဖော်ပြထားကြပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ရဲ့ပထမဆုံး(၂)ပွဲကို ရွှေ့ဆိုင်းပေးဖို့တောင်းဆိုခဲ့တာကို ပရီးမီးယားလိဂ်က ခွင့်မပြုခဲ့ပါဘူး။ ကျေးဇူးတင်ပါတယ်။ ပရီးမီးယားလိဂ်က ကျွန်တော်တို့ကို ရတယ်လို့ပြောမလားဆိုရင် လုံးဝမပြောပါဘူး။ ကျွန်တော်တို့ဟာ ဒီလိုမျိုးမကြုံတွေ့ဖူးသေးတဲ့အတွက် ဘာလုပ်ရမလဲဆိုတာ အဖြေမရှိဘူး”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်(၁၅)ရက်ကနေ ဇူလိုင်(၁၃)ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရာသီသစ်လိဂ်ပြိုင်ပွဲတွေက သြဂုတ် ဒုတိယပတ်၊တတိယပတ်မှာ ပြန်လည်စတင်မှာပါ။ အဲ့ဒါကြောင့် ဒီပြိုင်ပွဲအပေါ် ဝေဖန်မှုတွေအများကြီးရှိနေပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကတော့ အောင်မြင်အောင်ကျင်းပနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *