အမ်းမရိတ်စ်ထံ ပြန်လာချိန် အာဆင်နယ်ပရိသတ်တွေရဲ့နွေးထွေးတဲ့ ကြိုဆိုမှုကြောင့် ရမ်စဒေးလ် မျက်ရည်ကျ
မနေ့က အာဆင်နယ်(၃-၁)ဆောက်သမ်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းဂိုးသမား ရမ်စဒေးလ်ဟာ အသင်းဟောင်း အာဆင်နယ်အသင်းပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုမှုကြောင့် မျက်ရည်ကျခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၈၉)ပွဲပါဝင်ကစားခဲ့တဲ့ ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဆောက်သမ်တန်အသင်းထံ ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန် အာဆင်နယ်အသင်းပရိသတ်တွေရဲ့ကြိုဆိုမှုကြောင့် မျက်ရည်ကျခဲ့တဲ့ ရမ်စဒေးလ်ဟာ ဒီပွဲမှာ ဂိုးကာကွယ်မှု(၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းနိုင်ပွဲမရရှိအောင် ရပ်တန့်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းပရိသတ်တွေဟာ ဒီပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ ရမ်စဒေးလ်ရဲ့နာမည်ကို သီကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ပွဲအပြီးမှာ ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ဂိုးသမား ဒေးဗစ်ရေယာတို့နဲ့ အပြန်အလှန်စကားပြောဆိုမှုတွေ ရှိခဲ့ကြပါတယ်။
အာတီတာက သူဟာ ရမ်စဒေးလ်ကို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးခဲ့ပြီး သူတို့ရဲ့ကစားပုံအတွက်လည်း ချီးကျူးခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။ ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်ဂိုးသမား ဒေးဗစ်ရေယာမရောက်ခင်အချိန်အထိ အာဆင်နယ်အသင်းရဲ့နံပတ်တစ်ဂိုးသမားဖြစ်ခဲ့ပေမယ့် သူရောက်လာပြီးအချိန်မှာ ပွဲကစားခွင့်ဆုံးရှုံးခဲ့ရတာကြောင့် ဒီနွေရာသီမှာ ထွက်ခွာဖို့ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ဆောက်သမ်တန်အသင်းဟာ ဒီရာသီအမှတ်ပေးလိဂ်(၇)ပွဲကစားအပြီးမှာ နိုင်ပွဲမရရှိသေးဘဲ ရမှတ်(၁)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၉)နေရာမှာ ရပ်တည်နေတာပါ။ အာဆင်နယ်အသင်းကတော့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ရမှတ်(၁၇)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။