မန်စီးတီး-ဖူလ်ဟမ်ပွဲအပြီးကွင်းထဲမှာ ထရာအိုရေးကို ဂွါဒီယိုလာ နည်းပြခဲ့တဲ့ ရုပ်သံထွက်ပေါ်

0

မနေ့က မန်စီးတီး(၃-၂)ဖူလ်ဟမ် ပရီးမီးယားလိဂ်ပွဲအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ဖူလ်ဟမ်အသင်းတောင်ပံကစားသမား ထရာအိုရေးကို ကွင်းထဲမှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ ရုပ်သံ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီအသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ဦးဆောင်ဂိုးသွင်းယူခြင်းခံခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂)ပွဲဆက်နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာပါ။

ဂွါဒီယိုလာဟာ ပွဲအပြီးမှာ ဖူလ်ဟမ်အသင်းကစားသမား ထရာအိုရေးဆီကို လမ်းလျှောက်သွားကာ အပြန်အလှန်စကားပြောနေခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ရောဘတ်အန်းရှောက ဒီဗီဒီယိုဖိုင်ကို သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပြီး ဂွါဒီယိုလာဟာ ဘောလုံးကို နှစ်သက်တဲ့သူဖြစ်တာကြောင့် အခွင့်အရေးတွေလွဲခဲ့တဲ့ ထရာအိုရေးဆီကို သွားပြီး နည်းပြအဖြစ်ဆောင်ရွက်ခဲ့တယ်လို့ ရေးသားခဲ့တာပါ။

ဝုလ်ဗ်စ်အသင်းမှာ ကစားခဲ့ချိန်က မန်စီးတီးအသင်းရဲ့ချိတ်ဆက်မှုခံခဲ့ရတဲ့ ထရာအိုရေးဟာ ဒီပွဲမှာ ဖူလ်ဟမ်အသင်းအတွက် ချေပဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ထရာအိုရေးဟာ လာမာစီယာအကယ်ဒမီထွက်ဖြစ်ပြီး ဘာစီလိုနာအသင်းလူငယ်အသင်းတွေမှာ ပါဝင်ကစားချိန်မှာ ဂွါဒီယိုလာဟာ အသင်းကြီးကို အောင်မြင်မှုတွေရယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။ ဒါပေမယ့် ထရာအိုရေးဟာ ဂွါဒီယိုလာလက်ထက်မှာ ဘာစီလိုနာအသင်းကြီးအတွက် ပွဲထွက်ခွင့်မရခဲ့ဘဲ နည်းပြ မာတီနိုလက်ထက်မှသာ ပွဲထွက်ခဲ့ရတာဖြစ်ပါတယ်။

ထရာအိုရေးဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက် အက်စတွန်ဗီလာ၊ မယ်ဒယ်ဘရော့နဲ့ ဝုလ်ဗ်စ်အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၂၂ မှာ ဘာစီလိုနာအသင်းထံ အငှားနဲ့ ပြန်သွားကစားခဲ့ပါတယ်။ ဝုလ်ဗ်စ်အသင်းကနေ ထွက်ခွာပြီးနောက် ဖူလ်ဟမ်အသင်းထံ ပြောင်းခဲ့တဲ့ ထရာအိုရေးဟာ ဖူလ်ဟမ်အသင်းအတွက် (၂၆)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *