ဖောရက်စ်နောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့လို့ ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန် ပွဲပယ်ခံရဖွယ်ရှိ

0

မနေ့က ချယ်လ်ဆီး(၁-၁)နော်တင်ဂမ်ဖောရက်စ် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နှစ်သင်းကြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်ဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းကစားသမားတွေနဲ့ အရန်ကစားသမားအများအပြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ ဂျက်ဆန်ဟာ မိုရာတိုကို ဖြတ်ရိုက်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ကူကူရယ်လာကို ဖောရက်စ်ကစားသမား တွန်းထုတ်ခဲ့တာကို ထိပြီး ကွင်းထဲလဲကျတာကနေ နှစ်ဖက်ကစားသမားတွေ ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဂျက်ဆန်ဟာ လူစားလဲခံထားရပြီးဖြစ်ပေမယ့် ဒီအဖြစ်အပျက်မှာ ကြီးကြီးမားမားပါဝင်ခဲ့ပြီး ဖောရက်စ်နောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့တာကြောင့် ရန်ပွဲအရှိန်ပိုမြင့်ခဲ့တာပါ။ ဂျက်ဆန်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် ဒီအဖြစ်အပျက်အတွက် သူ့ကို ပွဲပယ်မယ်ဆိုရင် ကလပ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။

နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ပွဲစဉ်မှာ အဝါကတ်ထိခဲ့တဲ့ ချယ်လ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာနဲ့ ဖိုဖာနာတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာအဝါကတ်ထိတာ (၅)ကြိမ်ပြည့်သွားခဲ့လို့ လာမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာပါ။ ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမား နောက်ထပ်(၄)ဦးအဝါကတ်ထိခဲ့သလို နော်တင်ဂမ်ဖောရက်စ်အသင်းဘက်ကလည်း ဝက်ပရောက်စ် (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကလပ်အသင်းအနေနဲ့ ဒီအဖြစ်အပျက်မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ ထိန်းချုပ်နိုင်ခဲ့သင့်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ သရေကျခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *