ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ မတူညီတဲ့ကစားသမား(၃)ဦးရဲ့ပယ်နယ်တီကန်သွင်းမှုကို ဂိုးသမားဂါဇန်နီဂါ ကာကွယ်ခဲ့
မနေ့က ဂျီရိုနာ(၂-၁)ဘီလ်ဘာအို စပိန်လာလီဂါပွဲစဉ်မှာ ဂျီရိုနာအသင်းဂိုးသမား ဂါဇန်နီဂါဟာ ဘီလ်ဘာအိုအသင်းကစားသမား (၃)ဦးရဲ့ပယ်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျီရိုနာအသင်းဟာ ဂါဇန်နီဂါရဲ့လက်စွမ်းပြသမှုနဲ့တိုက်စစ်မှူး စတူအာနီရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ သွင်းယူတဲ့ ပယ်နယ်တီသွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၈)မိနစ်မှာ ဘီလ်ဘာအိုအသင်းပယ်နယ်တီရရှိခဲ့ပြီး ဘီရန်ဂါရဲ့ကန်သွင်းမှုကို ဂါဇန်နီဂါကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၅၆)မိနစ်မှာ ဘီလ်ဘာအိုအသင်းနောက်ထပ်ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး အီနာကီဝီလီယံရဲ့ကန်သွင်းမှုကိုလည်း စပါးအသင်းဂိုးသမားဟောင်း ဂါဇန်နီဂါ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပယ်နယ်တီကိုကာကွယ်ခဲ့တဲ့ ဂါဇန်နီဂါရဲ့ခြေထောက်တွေဟာ ဂိုးစည်းကို မထိတဲ့အတွက် ဘီလ်ဘာအိုအသင်း ပယ်နယ်တီပြန်ကန်သွင်းခဲ့ရပါတယ်။
ဒီပယ်နယ်တီကို ဟာရဲရားကန်သွင်းချိန်မှာလည်း ဂါဇန်နီဂါ ထပ်ပြီးကာကွယ်နိုင်ခဲ့ပါတယ်။ ဂါဇန်နီဂါရဲ့ပယ်နယ်တီကာကွယ်မှုကို ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးမှုအများအပြားရရှိခဲ့သလို ဒီပယ်နယ်တီကန်သွင်းချက်တွေဟာ အလွန်ဆိုးရွားခဲ့တယ်ဆိုပြီး ပယ်နယ်တီကန်သွင်းသူတွေကို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘီလ်ဘာအိုကစားသမားတွေ ပယ်နယ်တီမဝင်ပေမယ့် ဂျီရိုနာအသင်းရရှိတဲ့ ပယ်နယ်တီကို စတူအာနီက ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်၊ စပါးနဲ့ ဖူလ်ဟမ်အသင်းတွေမှာ ကစားခဲ့တဲ့ ဂါဇန်နီဂါဟာ ပြီးခဲ့တဲ့ရာသီက ဂျီရိုနာအသင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် လက်စွမ်းပြသနိုင်ခဲ့တဲ့သူဖြစ်ပြီး သူဟာ ဂျီရိုနာအသင်းအတွက်(၇၆)ပွဲပါဝင်ကစားထားပါတယ်။