ရီးရဲလ်မက်ဒရစ်အတွက် ကစားခဲ့ပြီး ပြင်သစ်လူစာရင်းက နုတ်ထွက်ခဲ့လို့ ဘာပေ ဝေဖန်ခံနေရ

0

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် UEFA Nations League ပွဲစဉ်တွေကစားမယ့် ပြင်သစ်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့တဲ့ အပေါ် ဝေဖန်မှုတွေခံနေရပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာခံစားခဲ့ရပေမယ့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ၊ ဗီလာရီးရဲလ်အသင်းနဲ့ စပိန်လာလီဂါပွဲတွေမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားခဲ့တာပါ။

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ဘာပေဟာ ပွဲအနည်းငယ်သာကစားခဲ့ရပြီး ပြင်ဆင်ချိန်နည်းပါးခဲ့တဲ့အတွက် နိုင်ငံအသင်းလူစာရင်းကနေ ထွက်ခွာခဲ့တာလို့ လူစာရင်းကြေညာချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ပရိသတ်တွေကတော့ ဘာပေဟာ နိုင်ငံအသင်းအတွက် ပွဲအများအပြားကစားထားတဲ့ စီနီယာကစားသမားဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို ဦးစားပေးရွေးချယ်ခဲ့တဲ့အပေါ် စိတ်ပျက်ပြီးဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။

ပြင်သစ်အသင်းရဲ့အမာခံပရိသတ်တစ်ဦးကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်အစစ်ဖြစ်တဲ့ ဂရီးဇ်မန်းက ထွက်ခွာသွားပြီဖြစ်ပြီး အသင်းခေါင်းဆောင် ရွေးချယ်မှုက မှန်ကန်မှုရှိလားဆိုတဲ့အပေါ် မေးခွန်းထုတ်မှုရှိခဲ့ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က တနင်္လာနေ့က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ နည်းပြ ဒေးရွှမ့်က ဘာပေဟာ အရာအများအပြားကို ကိုယ်စားပြုပြီး သူ့ရဲ့အလုပ်ရှင်က ကလပ်ဖြစ်ကာ အဖွဲ့ချုပ်မဟုတ်ဘူးလို့ ပြောထားပါတယ်။

ပြင်သစ်အသင်းဟာ UEFA Nations League ပွဲစဉ်(၂)ပွဲကစားထားပြီး ရမှတ်(၃)မှတ်ရရှိထားကာ အောက်တိုဘာ(၁၀)ရက်မှာ အစ္စရေး၊(၁၄)ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *