ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့ ကိုမိုနောက်ခံလူ ကာတို(၁၀)ပွဲပယ်ခံရ

0

ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့ ကိုမိုနောက်ခံလူ ကာတိုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က (၁၀)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

စီးရီးအေဒုတိတယန်းကလပ် ဆီစီနာအသင်းမှာ အငှားကစားနေတဲ့ ကာတိုဟာ ပြီးခဲ့တဲ့ ဇူလိုင်က မာဘယ်လာမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဟွမ်ဟီချန်းအပေါ် လူမျိုးရေးခွဲခြားခဲ့ကြောင်း တွေ့ရှိခဲ့ရတာပါ။

ကာတိုဟာ ပွဲပယ်ပြစ်ဒဏ်(၁၀)ပွဲ ထဲက (၅)ပွဲကို အခုကျခံရမှာဖြစ်ပြီး (၅)ပွဲကို (၂)နှစ် ဆိုင်းငံ့ခံထားရတာ ဖြစ်ပါတယ်။ ကာတိုဟာ ဟွမ်ဟီချန်းကို ဂျက်ကီချန်းဆိုပြီး မှတ်ချက်ပေးခဲ့ပြီးနောက်မှာ ဝုလ်ဗ်စ်အသင်းက အီတလီဘောလုံးအဖွဲ့ချုပ်နဲ့ UEFA ထံတိုင်ကြားမှုပြုလုပ်ခဲ့တာပါ။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဒီပွဲဟာ အသိအမှတ်ပြုပွဲမဟုတ်တာကြောင့် အရေးယူမှုပြုလုပ်လို့မရဘူးလို့ ပြောခဲ့ပြီးနောက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က FIFA ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် FIFA က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ကာတိုကို အရေးယူမှုပြုလုပ်ခဲ့တာပါ။ ဝုလ်ဗ်စ်အသင်းက သူတို့ရဲ့လုပ်ငန်းစဉ်အတွင်းမှာ ပံ့ပိုးမှုတွေပြုလုပ်ပေးခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဝုလ်ဗ်စ်အသင်းနဲ့ ကိုမိုအသင်းတို့ရဲ့ခြေစမ်းပွဲမှာ ဟွမ်ဟီချန်းရဲ့ဝုလ်ဗ်စ်အသင်းဖော်ဟောင်း ပိုဒန့်စ်ဟာ ပြိုင်ဘက်ကစားသမားကို လက်သီးနဲ့ထိုးခဲ့လို့ အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး (၇)ပွဲကစားထားရာမှာ နိုင်ပွဲမရရှိသေးဘဲ ရမှတ်(၁)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၂၀)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *