ဂရိနဲ့ ပွဲမတိုင်ခင် အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဟာရီကိန်း ပါဝင်ခဲ့ခြင်းမရှိ
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဂရိအသင်းနဲ့ ကစားမယ့် UEFA Nations League ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဟာရီကိန်းဟာ အင်္ဂါနေ့မနက်က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်တွေနဲ့ ပူးပေါင်းနိုင်ခြင်းမရှိပေမယ့် တစ်ဦးချင်းလေ့ကျင့်ခန်းအစီအစဉ်တွေတော့ ပြုလုပ်ခဲ့တာပါ။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဖရန့်ဖတ်(၃-၃)ဘိုင်ယန်မြူးနစ် ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် စိုးရိမ်စရာရှိခဲ့ပေမယ့် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဆေးအဖွဲ့တွေဟာ ဟာရီကိန်းရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာကင်းရှင်းကြောင်း အတည်ပြုခဲ့တာပါ။ အဲ့ဒါကြောင့် ဟာရီကိန်းဟာ Nations League ပွဲတွေကစားမယ့် အင်္ဂလန်အသင်းနဲ့ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဟာရီကိန်းဟာ ကြံ့ခိုင်မှုပြည့်ဝတဲ့ အခြေအနေမှာရှိမနေတာကြောင့် ဂရိအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်း ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဟာရီကိန်းသာ ပွဲထွက်လူစာရင်းမပါဝင်နိုင်ရင် အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်နဲ့ စပါးအသင်းတိုက်စစ်မှူး ဆိုလန်ကီတို့ဟာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းပါဝင်ဖို့ အခွင့်အရေးရနိုင်တာပါ။
အင်္ဂလန်အသင်းဟာ ယာယီနည်းပြ လီကာစလေလက်ထက်ကစားခဲ့တဲ့ Nations League ပွဲစဉ်(၂)ပွဲစလုံး နိုင်ပွဲရရှိထားပြီး အောက်တိုဘာ(၁၁)ရက်မှာ ဂရိအသင်းနဲ့ အိမ်ကွင်း၊(၁၃)ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။