ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ချန်လှပ်မှုကို မိမိသဘောမတူဘူးလို့ ဂရီးလစ်ရှ် ဆို

0

မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းထဲ သူ့ကိုချန်လှပ်ခဲ့တဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ဘူးလို့ ဝန်ခံခဲ့ပြီး ဒါကအမှားဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။

ဂရီးလစ်ရှ်ဟာ ယာယီနည်းပြ လီကာစလေလက်ထက်မှာတော့ အင်္ဂလန်အသင်းရဲ့လူစာရင်းထဲ ပြန်ပါဝင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ UEFA Nations League ပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် (၃၈)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားတဲ့ ဂရီးလစ်ရှ်က နည်းပြ လီကာစလေဟာ သူ့အပေါ်မှာ ယုံကြည်မှုရှိပြီး အခွင့်အရေးတွေပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ဂရီးလစ်ရှ်က “ရိုးရိုးသားသားပြောရမယ်ဆိုရင် ယူရိုမှာ ချန်လှပ်ခံရတာကို ကျွန်တော်လုံးဝသဘောမတူပါဘူး။ ကျွန်တော့်ရဲ့ကစားပုံက ဂိုးတွေသွင်းယူတာထက် အသင်းကို အများကြီးပိုပေးပါတယ်။ ကျွန်တော်ဟာ ယူရိုပြိုင်ပွဲမှာ ရှိသင့်တယ်ဆိုပြီး အခုထိထင်နေတုန်းပဲ”လို့ ဆိုခဲ့တာပါ။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့Nations League ပွဲစဉ်(၂)ပွဲစလုံး ပွဲထွက်လူစာရင်းပါဝင်ခဲ့ပြီး အိုင်ယာလန်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ (၁)ဂိုးသွင်းယူခဲ့ပါတယ်။ လာမယ့် ဂရိ၊ဖင်လန်အသင်းတို့နဲ့ Nations League ပွဲတွေမှာလည်း အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ထပ်ပြီးပါဝင်နိုင်ဖို့ ဂရီးလစ်ရှ်က မျှော်လင့်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *