ဂရိနဲ့ပွဲမှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဂျွန်စတုန်းစ် တာဝန်ယူမယ်လို့ လီကာစလေ အတည်ပြု
ဒီနေ့ကစားမယ့် အင်္ဂလန်-ဂရိ UEFA Nations League ပွဲစဉ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်တာဝန်ယူမယ်လို့ ယာယီနည်းပြ လီကာစလေက မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်အတည်ပြုခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဒီပွဲရဲ့ပွဲထွက်လူစာရင်းမှာပါဝင်နိုင်မှာမဟုတ်တဲ့အတွက် ယာယီနည်းပြ လီကာစလေက ဂျွန်စတုန်းစ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ဟာ အသင်းခေါင်းဆောင် ဟာရီကိန်းကို လူစားလဲတဲ့အချိန်တွေမှာ မန်စီးတီးအသင်းနောက်ခံလူ ဝေါလ်ကာကို အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ဖို့တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဝေါလ်ကာဟာ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်နေပေမယ့် နည်းပြ လီကာစလေကတော့ သူ့ကို အသင်းခေါင်းဆောင်အဖြစ် မရွေးချယ်ဘဲ ဝါရင့်နောက်ခံလူ ဂျွန်စတုန်းစ်ကို အသင်းခေါင်းဆောင်လက်ပတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဂျွန်စတုန်းစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကစတင်ကာ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပွဲထွက်ခွင့်နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့သူဖြစ်ပြီး ပွဲပေါင်း(၈၁)ပွဲပါဝင်ကစားထားရာမှာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်က အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာက သူ့အတွက် မယုံနိုင်စရာအခိုက်အတန့်ဖြစ်မှာဖြစ်ပြီး နည်းပြ လီကာစလေကို ကျေးဇူးတင်ရုံနဲ့မလုံလောက်ဘူးလို့ မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ ထွက်ခွာခဲ့တဲ့ ကိုဘီမေနူး၊ကွန်ဆာနဲ့ ဂစ်ဘ်ဝှိုက်စ်တို့ရဲ့နေရာမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ကာတစ်ဂျုံးစ်နဲ့ လီဗရာမန်တိုတို့ကို အစားထိုးခေါ်ယူခဲ့တာပါ။ အင်္ဂလန်အသင်းနဲ့ ဂရိအသင်းတို့ဟာ UEFA Nations League ပွဲစဉ်(၂)ပွဲစီကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။