ရက်ဘူးလ်အကြီးအကဲဖြစ်လာပြီးနောက် ဒေါ့မွန်ပရိသတ်တွေရဲ့မုန်းတီးမှုနဲ့ ကလော့ပ်ကြုံတွေ့နေရ
လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်ဟာ ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ယူမယ့် သူ့ရဲ့အလုပ်အသစ်ကို ကြေညာပြီးနောက် အသင်းဟောင်း ဒေါ့မွန်အသင်းပရိသတ်တွေရဲ့မုန်းတီးမှုနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီအကုန်က လီဗာပူးလ်အသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ကလော့ပ်ဟာ နည်းပြလောကထဲကို ပြန်မဝင်သေးပေမယ့် နောက်ထပ်အခန်းကဏ္ဍတစ်ခုနဲ့ ဘောလုံးလောကထဲကို ပြန်ပြီးဝင်ရောက်ခဲ့တာပါ။
ကလော့ပ်ဟာ ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးအကဲရာထူးကို ၂၀၂၅ ဇန်နဝါရီ(၁)ရက်က စတင်ကာ တာဝန်ယူသွားမှာဖြစ်ပါတယ်။ ရက်ဘူးလ်အသင်းပိုင်ဆိုင်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ကာလအတန်ကြာ ပြဿနာတွေရှိခဲ့တဲ့ ဒေါ့မွန်အသင်းပရိသတ်တွေကတော့ နည်းပြဟောင်း ကလော့ပ်ရဲ့ဒီရာထူးရယူမှုအပေါ် နွေးထွေးစွာလက်ခံမှုမရှိဘဲ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်တဲ့ရေးသားမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ပရိသတ်တစ်ဦးက “ကလော့ပ်အပေါ် လေးစားမှုအားလုံးဆုံးရှုံးသွားပါပြီ။ ရက်ဘူးလ်ကိုပံ့ပိုးဖို့မလွယ်ကူဘူး”လို့ အန်တဲ့အီမိုဂျီ(၃)ခုနဲ့အတူ ရေးသားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးက “ရှက်ဖို့ကောင်းတယ်”လို့ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တွေက “ခင်ဗျားက ကိုယ့်ကိုကိုယ်ခွေးတစ်ကောင်ဖြစ်အောင် လုပ်ခဲ့တယ် ယာဂန်ရေ”လို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။
ကလော့ပ်ဟာ ရက်ဘူးလ်ပိုင်ဆိုင်တဲ့အသင်းတွေကို နည်းပြပိုင်း၊အတွေးအခေါ်ပိုင်း၊ဖွံ့ဖြိုးတိုးတက်မှု၊ကစားသမားအပြောင်းအရွှေ့တွေနဲ့ အခြားအရာတွေကို အကြံပေးသွားရမှာပါ။ ကလောပ့်ဟာ ရက်ဘူးလ်ဘောလုံးအသင်းတွေကို ဒီထက်ပိုပြီးတိုးတက်အောင် ပံ့ပိုးပေးမှုတွေပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို မကိုင်တွယ်ခင် ဒေါ့မွန်အသင်းကို (၇)နှစ်ကြာကိုင်တွယ်ခဲ့ပြီး ဘွန်ဒစ်လီဂါဖလား(၂)ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။