ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် မိမိတို့ကို ဘိုလီးဗီးယား သူလျှို လုပ်တယ်လို့ ကိုလံဘီယာနည်းပြ လိုရန်ဇို စွပ်စွဲ

0

ကိုလံဘီယာအသင်းနည်းပြ လိုရန်ဇိုက Municipal Stadium El Alto မှာကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မတိုင်ခင်မှာ ဘိုလီးဗီးယားအသင်းဟာ သူတို့အသင်းကို သူလျှိုလုပ်ခဲ့တယ်လို့စွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။

ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်ဟာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဓါတ်ပုံအထောက်အထားတွေတင်ပြကာ တရားဝင်တိုင်ကြားသွားမယ်လို့လည်း လိုရန်ဇိုက ဆိုခဲ့တာပါ။

လိုရန်ဇိုက “သူတို့ဟာ သူလျှိုလုပ်ဖို့ လွှတ်လိုက်တာက ကံဆိုးတာပါပဲ။ ကျွန်တော်တို့အဖွဲ့ရဲ့ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့တဲ့အပေါ် တိုင်ကြားသွားမှာပါ။ ကျွန်တော်တို့မှာ လူတစ်ကိုယ်လုံးရဲ့ဓါတ်ပုံတွေရှိပြီး ဘယ်လိုဆက်လုပ်ဆောင်သွားမလဲဆိုတာကို မြင်တွေ့ရမှာပါ”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့တာဖြစ်ပါတယ်။

ဘိုလီးဗီးယားအသင်းနည်းပြ ဗီလီဂက်စ်က တံခါးပိတ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့ သူတို့ရဲ့လေ့ကျင့်မှုပုံရိပ်တွေလည်း ပေါက်ကြားခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဗီလီဂက်စ်က ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ ပေါ့ပေါ့ပါးပါးကစားရတဲ့ ရပ်ကွက်ပွဲတွေမဟုတ်ကြောင်းနဲ့ ဖီဖာ၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ဟာ ကဏ္ဍအားလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ဝန်ထမ်းတွေစေလွှတ်ထားတယ်လို့လည်း ကိုလံဘီယာအသင်းနည်းပြရဲ့ပြောဆိုမှုတွေကို တုံ့ပြန်ထားပါတယ်။

ဘိုလီးဗီးယားနဲ့ ကိုလံဘီယာအသင်းတို့ပွဲစဉ်ကို အမြင့်ပေ(၄,၀၀၀)ကျော်မှာရှိတဲ့ အားကစားကွင်းမှာ ယှဉ်ပြိုင်သွားကြမှာပါ။ ပြီးခဲ့တဲ့ ပါရီအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ကနေဒါအသင်းဟာ နယူးဇီလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ဒရုန်းအသုံးပြုပြီးထောက်လှမ်းခဲ့တာကြောင့် ဒဏ်ကြေးငွေနဲ့ အမှတ်လျော့တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *