နော်ဝေရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်ပြီးနောက် ဖခင်ဖြစ်တော့မယ်လို့ အသိပေးပြီး ဟာလန်း အောင်ပွဲခံ
မနေ့က နော်ဝေ(၃-ဝ)ဆလိုဗေးနီးယား UEFA Nations League ပွဲစဉ်မှာ (၂)ဂိုးသွင်းပြီး နော်ဝေအသင်းရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာတဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ဖခင်ဖြစ်လာတော့မယ်လို့ အသိပေးတဲ့အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ (၂)ဂိုးကြောင့် နော်ဝေအသင်းအတွက် သွင်းယူတဲ့ဂိုးက (၃၄)ဂိုးအထိ ရှိလာခဲ့တာပါ။
အရင်က နော်ဝေအသင်းအတွက် ဂိုးသွင်းစံချိန်ရှင်ဖြစ်ခဲ့သူက ဂန္ထဝင်တိုက်စစ်မှူးဂျော်ဂျန်ဂျူဗီဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၂၈ ကနေ ၁၉၃၇ ခုနှစ်အတွင်း (၃၃)ဂိုးသွင်းပြီး စံချိန်တင်ထားခဲ့တာပါ။
အသက်(၂၄)နှစ်အရွယ်ရှိ ဟာလန်းဟာ ဘောလုံးကို သူ့ဂျာစီအောက်ထဲထည့်ပြီး လက်မကိုစုပ်နေတဲ့ပုံကို ပွဲအပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီပုံရဲ့အောက်မှာ ကလေးအီမိုဂျီပုံနဲ့ မကြာမီလာမည်ဆိုပြီး စာရေးသားခဲ့တာပါ။ အဲ့ဒါကြောင့် ဟာလန်းရဲ့လက်တွဲဖော်ဟာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ဟာလန်းဟာ နိုင်ငံအသင်းမှာရော ကလပ်အသင်းမှာပါ စံချိန်တင်ဂိုးတွေသွင်းပြီး ခြေစွမ်းပြနေတာပါ။ ဟာလန်းဟာ နော်ဝေအသင်းအတွက် (၃၄)ဂိုးသွင်းယူထားသလို ကလပ်ကစားသမားဘဝမှာ သူ့ရဲ့သွင်းဂိုးက (၂၅၆)ဂိုး အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ နော်ဝေအသင်းဟာ ဆလိုဗေးနီးယားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် Nations League အုပ်စုပွဲစဉ်(၃)ပွဲကစားထားပြီး ရမှတ်(၇)မှတ်ရရှိထားပါတယ်။
နော်ဝေအသင်းဟာ အောက်တိုဘာ(၁၄)ရက်မှာ နောက်ထပ် Nations League ပွဲစဉ်အဖြစ် ဩစတြီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။