အင်္ဂလန်ယူ-၂၁ ထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ ဂရိကို အရေးနိမ့်တဲ့ပွဲအပြီး လီကာစလေ ဆို
မနေ့က အင်္ဂလန်(၁-၂)ဂရိ UEFA Nations League ပွဲအပြီးမှာ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ လီကာစလေက ဒီပြိုင်ပွဲရဲ့လက်ကျန်ပွဲတွေအပြီးမှာ အင်္ဂလန်ယူ-၂၁ အသင်းထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။
လီကာစလေဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကို Nations League ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ဖို့ တာဝန်ပေးခဲ့ပြီးနောက် နည်းပြဟောင်း ဆောက်ဂိတ်ရဲ့နေရာကိုဆက်ခံမယ့်သူအဖြစ် ရေပန်းစားခဲ့တာပါ။
လီကာစလေဟာ အင်္ဂလန်အသင်းယာယီနည်းပြအဖွင့်ပွဲစဉ်တွေဖြစ်တဲ့ အိုင်ယာလန်နဲ့ ဖင်လန်အသင်းတို့ပွဲတွေမှာနိုင်ပွဲရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းဟာ ဂရိအသင်းကို ပထမဆုံးအကြိမ်ရှံးပွဲကြုံတွေ့ခဲ့ရတာပါ။ ဒီပွဲအပြီးမှာတော့ လီကာစလေဟာ အင်္ဂလန်အသင်းအမြဲတမ်းနည်းပြရာထူးကို ရယူဖို့ထက် လက်ကျန်(၃)ပွဲကို အာရုံစိုက်ထားပြီး ယူ-၂၁ အသင်းထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။
လီကာစလေက “ဒီရာထူးရယူမှုဟာ အစကတည်းက ရှင်းပါတယ်။ ကျွန်တော်ဟာ (၃)ပွဲကိုင်တွယ်ပြီးဖြစ်ပြီး နောက်ထပ်(၃)ပွဲကျန်ရှိနေပါတယ်။ ပြီးရင်တော့ ယူ-၂၁ အသင်းထံ ပြန်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ရှုံးနိမ့်မှုက သက်ရောက်မှုမရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အသင်းခေါင်းဆောင် ဟာရီကိန်းမပါဝင်နိုင်ခဲ့တဲ့ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ကို false 9 နေရာထားအသုံးပြုခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာ ဒဏ်ရာရရှိသွားခဲ့ပြီး နည်းပြ လီကာစလေက သူ့ရဲ့အခြေအနေကို ဆေးစစ်မှုခံယူသွားရမယ်လို့ အတည်ပြုခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် Nations League ပွဲစဉ်အဖြစ် အောက်တိုဘာ(၁၃)ရက်မှာ ဖင်လန်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။