အသင်းကြီးတစ်သင်းနဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေလို့ ဒိန်းမတ်နည်းပြရာထူးကို ဆိုးလ်ရှား ငြင်းပယ်

0

မန်ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားဟာ အသင်းကြီးတစ်သင်းနဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတာကြောင့် ဒိန်းမတ်အသင်းကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၁ နိုဝင်ဘာကတည်းက ဘယ်အသင်းကိုမှ နည်းပြအဖြစ်ကိုင်တွယ်ရခြင်းမရှိသေးတာပါ။

ဆိုးလ်ရှားဟာ ကလပ်အသင်းတွေနဲ့ နိုင်ငံအသင်းနည်းပြရာထူးတွေအတွက် ချိတ်ဆက်မှုအများအပြားရရှိခဲ့ပေမယ့် သူကတော့ မှန်ကန်တဲ့အလုပ်ကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ အခုနှစ်အစောပိုင်းက သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ နော်ဝေအသင်းကို ကိုင်တွယ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောထားတာပါ။ ဒိန်းမတ်သတင်းစာ Tipsbladet က ဆိုးလ်ရှားဟာ ဒိန်းမတ်အသင်းကို ကိုင်တွယ်ဖို့အတွက် ကမ်းလှမ်းမှုကို ရရှိထားတယ်လို့ဖော်ပြထားပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားဟာ အသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖို့ ဆွေးနွေးမှုပြုလုပ်နေတာကြောင့် ဒိန်းမတ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းကသာ သူ့ကိုနည်းပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့မယ်ဆိုရင် ပြန်လာခဲ့မယ်လို့ မကြာသေးခင်က ပြောထားခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကလည်း မရေမရာဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ ဆိုးလ်ရှားကို နည်းပြအဖြစ်ခန့်အပ်ဖို့ ဘယ်အသင်းကြီးက ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သိလာရနိုင်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *