အင်္ဂလန်အသင်းနည်းပြရာထူးအတွက် တူချယ်လ် ဆွေးနွေးညှိနှိုင်းနေတယ်လို့ သတင်းထွက်ပေါ်
ချယ်လ်ဆီးအသင်းနည်းပြဟောင်း တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဂရိအသင်းကို Nations League ပွဲစဉ်မှာ (၁-၂)ဂိုးနဲ့အရေးနိမ့်ပြီး (၁)ရက်သာရှိသေးတဲ့အချိန်မှာ တူချယ်လ်နဲ့ အင်္ဂလန်အသင်းနည်းပြရာထူး သတင်းထွက်ပေါ်လာခဲ့တာပါ။
Bild ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်နေတဲ့ လီကာစလေဟာ ဂရိအသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ အင်္ဂလန်ယူ-၂၁ အသင်းကို ပြန်ပြီးကိုင်တွယ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ အမြဲတမ်းနည်းပြရာထူးအတွက် စဉ်းစားမှုတွေပြုလုပ်နေပြီး သူတို့ရဲ့စာရင်းထဲမှာ တူချယ်လ်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီအကုန်က ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့တဲ့ တူချယ်လ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရတဲ့သူပါ။ တူချယ်လ်ဟာ နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကိုပြောထားခဲ့သလို ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် အင်္ဂလန်အသင်းပရိသတ်အချို့နဲ့ ဆက်ဆံရေးကောင်းမွန်မှုတွေရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ တူချယ်လ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် လာမယ့် Nations League ပွဲစဉ်တွေကို ယာယီနည်းပြ လီကာစလေကိုပဲ ဆက်ပြီးကိုင်တွယ်စေဖို့ရှိနေတာပါ။
ပြီးခဲ့တဲ့ ဂရိအသင်းနဲ့ပွဲစဉ်မှာ အရေးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ အောက်တိုဘာ(၁၃)ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ နိုင်ပွဲပြန်လည်ရယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။